~ သူနားမလည်တာ ကိုယ်အားငယ်ဖို့မှ မဟုတ်တာ။
ကိုယ်အမှား မဝယ်မိဖို့က အဓိကပါပဲလေ။
~ သူပစ်ခွါသွားတာ ကိုယ်နစ်နာ သွားဖို့မှ မဟုတ်တာ။
ကိုယ် အပြစ်အနာ မများဖို့က အဓိကပါပဲလေ။
~ သူယုတ်မာတာ ကိုယ်လှုပ်ခါ သွားဖို့မှ မဟုတ်တာ။
ကိုယ်မဟုတ်တာ မများဖို့က အဓိကပဲလေ။
~ သူရက်စက်တာ ကိုယ်သွက်သွက်ခါ သွားဖို့မှ မဟုတ်တာ။
ကိုယ်အကျဘက် ပါမသွားဖို့က အဓိကပါပဲလေ။
~ သူမကောင်းများတာ ကိုယ်ပြောင်းသွားဖို့မှ မဟုတ်တာ။
ကိုယ်စောင်းမသွားဖို့က အဓိကပါပဲလေ။
နောက်ဆုံးတော့လည်း ကိုယ့်အပူ ကိုယ်ပဲညှိမ်းရမှာပါပဲ။ ချစ်တာတွေ၊ မုန်းတာတွေဟာ တဒင်္ဂစိတ်ခံစားမှုတွေပါပဲ။ တွဲတာခွဲတာတွေဟာလည်း ကြုံရမယ့် လောကဓံတွေပါပဲ။ ကိုယ်ဖြစ်ချင်တာ ဖြစ်လို့မရတဲ့ လောကကြီးမှာ ကိုယ့်ဘဝကိုယ် ဖြစ်ချင်ရာဖြစ်ပြီး ဗရမ်းဗတာ နစ်မသွားဖို့ပဲ ကြိုးစားရမှာပေါ့။ ဘာပဲဖြစ်ဖြစ် အခိုက်အတန့်လေးပါပဲ။ အချိန်တန်ရင် အားလုံးပြီးသွားတာပဲ မဟုတ်လား။ သိပ်ပြီးတုန်လှုပ်ခြောက်ခြားနေဖို့တော့ မရှိပေဘူးပေါ့။
ပြီးတော့လည်း ပြီးသွားတာပါပဲလေ။
မေတ္တာဖြင့်
မနာပ ဒါယီ အရှင်ဝိစိတ္တ
(ယနေ့ည ဓမ္မသဘင် ပေါင်မြို့တွင် တရားဖြင့် အလှဆင်မည်။)

0 comments:
Post a Comment