လောဘပူးတော့ စိတ်ကရူးတယ်။
ဒေါသများတော့ စိတ်ကခါးတယ်။
မောဟမွှေတော့ စိတ်ကတွေတယ်။
မာနခံတော့ စိတ်ကထန်တယ်။
ဣဿာထားတော့ အိပ်စရာရှားတယ်။
မစ္ဆရိယရှိတော့ ရှိသမျှငြိတယ်။
အရင်းစစ်တော့ ကိုယ့်စိတ်ကို ဒုက္ခပေးတာ ကိလေသာတရားတွေပါပဲ။
~ လောဘတွေ အားကြီးလာရင် ရူးတောင်သွားနိုင်တယ်။ လိုချင်မှုနဲ့ တပ်မက်မှု လောဘက လူကို အရူးအမူးဖြစ်စေတယ်။ လူရူးတာထက်၊ စိတ်ရူးတာပေါ့။
~ ဒေါသတရားများလာတဲ့အခါ စိတ်တွေပါ ခါးလာတော့တာပါ။ ဒေါသစိတ်က အချိုမပါဘူး။ အခါးတွေနဲ့ အမှားတွေပဲ ဖြစ်စေတယ်ပေါ့။
~ မောဟကလည်း အမွှေပါပဲ။ အပြစ်အားလုံးမှာ မောဟကမွှေနေတာပါ။ မောဟမွှေတော့ စိတ်ကတွေဝေတာပေါ့။ စိတ်ကတွေဝေလာရင် ကုသိုလ်အကုသိုလ်လည်း မကွဲတော့ဘူးပေါ့။
~ မာနအခံက လူကိုထန်စေတယ်။ စိတ်ကိုထောင်လွှားစေတယ်။ အရိုအသေမပေးချင်ဘူး။ နှိမ့်ချရမှာဝန်လေးတယ်။ သိသိချည်းနဲ့ ဝန်မခံနိုင်ဘူး။ ထန်ပါများတော့ မညွှတ်ဖြစ်တော့ဘူးပေါ့။
~ ဣဿာက ကိုယ့်စိတ်ကိုနှိပ်တာ များတယ်။ မနာလိုတဲ့ စိတ်က ဟန်တောင်မဆောင်နိုင်ဘူး။ ကိုယ့်ထက်သာတဲ့ သူတွေအပေါ်မှာ မုဒိတာ မပွားနိုင်လို့ ဖြစ်တဲ့ စိတ်က သူများမခံစားခင် ကိုယ်ကအရင် ပူတော့တာပဲ။ ဣဿာများတော့ အိပ်ရာထဲရောက်နေတာတောင် အိပ်စရာက ရှားနေတော့တာပေါ့။
~ မစ္ဆရိယက ရှိသမျှကို ငြိစေတယ်။ ကိုယ့်ရဲ့မရှိမဲ့ ရှိမဲ့အရာတွေမှာ ငြိနေတဲ့သဘောပဲ။ ဝန်တိုနေတဲ့စိတ်က သူများရသွားမှာ၊ သူများတွေ့သွားမှာ၊ သူများသာသွားမှာ မလိုချင်ဘူး။ မရစေချင်ဘူး။ ဒီစိတ်ကလည်း ကိုယ့်ဟာနဲ့ကိုယ် စိတ်မချနိုင်အောင် ပူလောင်စေတာပဲပေါ့။
ဒီတော့ အဖြေကရှင်းပါတယ်။ စိတ်မညစ်ချင်ရင် ကိုယ့်စိတ်ကို ကိလေသာတွေနဲ့ ဒုက္ခမဖြစ်စေနဲ့ပေါ့။ ဖြစ်လာရင်လည်း အကြာကြီး မဖြစ်စေနဲ့ပေါ့။ အကြာကြီး မဖြစ်ဖို့ကတော့ သတိနဲ့ညှိပေါ့။ သတိလေးထားပြီး ဖယ်ပေါ့။ သတိလေးကပ်နိုင်ဖို့ကတော့ တရားများများမှတ်ရမှာပေါ့။ တရားမှတ်တယ်ဆိုတာ သိအောင်လုပ်တာပဲလေ။ အသက်ရှုလည်။ သိပြီးရှု၊ လမ်းလျှောက်လည်း သိပြီးလျှောက်၊ စကားပြောလည်း သိပြီးပြော စသဖြင့် လှုပ်ရှားမှုတိုင်းမှာ သိနေရင် အဲဒါတရားပါပဲ။ မသိရင်တော့ မတရားပေါ့။ မတရားတာများရင် မှားတာတွေလည်း များနေမှာပဲပေါ့။
အပ္ပမာဒေန သမ္ပာဒေထ - သတိမလွတ်ကြစေနဲ့ပေါ့။
မေတ္တာဖြင့်
မနာပ ဒါယီ အရှင်ဝိစိတ္တ

posted from Bloggeroid
0 comments:
Post a Comment