ဘဝမှာ အခက်အခဲတွေ ဘယ်လောက်ပဲကြုံကြုံ အခိုက်အတန့်ပဲဆိုတဲ့အချက်ကို မမေ့ပါနဲ့။ အခက်အခဲဆိုတာ တစ်သက်တွဲနေတာမှ မဟုတ်တာ။ မတုန်မလှုပ် ရင်ဆိုင်နိုင်ဖို့က အဓိကပဲ။ သေချင်လောက်အောင် ဖြစ်နေတဲ့အခက်အခဲဆိုလည်း ရင်ဆိုင်ရမှာပဲ။ သေလိုက်လို့လည်း ပြီးသွားမှာမှ မဟုတ်တာ။ သေရင်ပြတ်ပြီလို့ ထင်ရပေမယ့် သံသရာကတော့ ပြတ်မှာမဟုတ်ဘူး။
အခက်အခဲကို ကျော်လွှားနိုင်ဖို့ဆိုရင် စိတ်ဓာတ်ခိုင်မာဖို့လိုတယ်။ တုန်လှုပ်ခံစားနေတဲ့စိတ်ဟာ အသေးအဖွဲ အခက်အခဲလေးကိုတောင် ရင်ဆိုင်နိုင်ဖို့မလွယ်ဘူး။ ရင်မဆိုင်နိုင်ရင် ကျော်လွှားဖို့လည်း မဖြစ်နိုင်ဘူး။ မကျော်လွှားနိုင်ရင် အခက်အခဲက ကိုယ့်ကိုအနိုင်ယူသွားမှာပဲ။ အခက်အခဲက အခက်အခဲကိုပိုပြီး တိုးစေမှာပဲ။ အဲဒါဆိုရင် ကိုယ့်စိတ်ကပိုပြီး အကျပိုင်းကို ရောက်သွားစေတော့တာပဲပေါ့။
ဘယ်အလုပ်မဆို ဘယ်ကိစ္စမဆို စကာစကတော့ အခက်အခဲဆိုတာ ရှိနေမှာပဲ။ လုပ်နေရင်းနဲ့လည်း အခက်အခဲဆိုတာ ကြုံနေရမှာပဲ။ ဘဝဆိုတာ မွေးလာကတည်းက အခက်အခဲနဲ့ မွေးလာရတာပါ။ လူ့လောကရောက်တော့လည်း ကလေးဘဝကတည်းက အခက်အခဲတွေနဲ့ချည်း စခဲ့ရတာပါ။ မွေးကင်းစ ကလေးဘဝ ထိုင်ဖို့လည်းခက်ခဲ၊ ရပ်ဖို့လည်းခက်ခဲ၊ စားဖို့လည်း ခက်ခဲ၊ လမ်းလျှောက်ဖို့လည်း ခက်ခဲနေတာပဲလေ။ တဖြည်းဖြည်းလေ့ကျင့်ရင်းနဲ့ပဲ ဒီ အခက်အခဲတွေကို ကျော်လွှားလာကြတာပဲ မဟုတ်လား။
အရေးကြီးဆုံးက အလေ့အကျင့်တွေ မကျဖို့ပါပဲ။ လဲသွားရင်ပြန်ထ၊ ကျသွားရင်ပြန်တက်၊ ရှုံးသွားရင်ပြန်ရုန်း၊ အပြုံးမပျက် ရှေ့ဆက်ဖို့ပါပဲ။ ဘယ်လောက်ခက်ခဲတဲ့ ကိစ္စဖြစ်ပါစေ အဖြေကတော့ ရှိနေတာပါပဲ။ အချိန်တန်တော့လည်း ပြီးသွားတာပါပဲ။ အခက်အခဲကြားမှာ ပြာယာခက်ပြီး မမှားဖို့ပဲ လိုပါတယ်။ ကိစ္စတိုင်းမှာ အကြောင်းအကျိုးဆိုတာ ရှိနေတာပါပဲ။ အခက်အခဲဆိုတာ အကျိုးသက်ရောက်မှု တစ်ခုပဲ။ သူ့ရဲ့အကြောင်းတရားကို ဆင်ခြင်၊ ပြင်ဆင်သင့်တာ ပြင်ဆင်နိုင်ရင် နောက်ထပ်ဖြစ်လာမယ့် အကျိုးသက်ရောက်မှုက အကောင်းဘက်ကို ရောက်လာမှာပဲပေါ့။
ဗုဒ္ဓအဆုံးအမ သီလ၊ သမာဓိ၊ ပညာ ဒီသုံးပါး ဟန်ချက်ညှိအောင်သာ ကြိုးစားပွား၊ အခက်အခဲဆိုတာ အေးဆေးလေးကျော်လွှားသွားမှာ အမှန်ပါပဲပေါ့။
https://www.facebook.com/U-Lay-409043739493867/

posted from Bloggeroid
0 comments:
Post a Comment