Q. Facebook လိုမျိုး Social Media တွေကရော လူငယ်တွေအတွက် ပတ်ဝန်းကျင်ကောင်း ဖြစ်မလား၊ ပတ်ဝန်းကျင်ဆိုး ဖြစ်မလားဆိုတာ ဆွေးနွေးပေးပါဦးဆရာမ။
A. အခုလက်ရှိအချိန်မှာတော့ ကလေးတွေရော၊ လူငယ်တွေရော၊ လူကြီးတွေအပေါ်ကိုပါ လွှမ်းမိုးလာတာကတော့ Facebook ပေါ့။ Facebook ဆိုတာက ပုံနှိပ်မီဒီယာလိုမျိုး စာရေးဆရာက ဒါမှမဟုတ် အယ်ဒီတာက တာဝန်ခံပြီး ရေးထားတာမျိုး၊ တည်းဖြတ်ထားတာမျိုး မဟုတ်ဘူး။ Facebook မှာ လူတိုင်းက လွတ်လပ်စွာ ရေးနိုင်တယ်လေ။ အဲဒီတော့ လွတ်လပ်စွာ ရေးကြတယ်။ လွတ်လပ်စွာ ဆဲကြတယ်။ နဂိုက မဆဲတတ်တဲ့သူတောင် Facebook ကို သုံးရင်းကနေ Comment တွေ လိုက်ဖတ်ရင် ဆဲတာတွေတွေ့ပြီး ကိုယ်လည်း ၀င်ဆဲမိတာမျိုးတွေ ဖြစ်တတ်တယ်။ ကိုယ့်ရဲ့ စိတ်ထွက်ပေါက်ကို အဲဒီထဲမှာ လွှတ်ပေးလိုက်တာလေ။ အဲဒီလိုနည်းနဲ့ Facebook က ပတ်ဝန်းကျင်ကောင်း ဖြစ်ရမယ့်အစား ပတ်ဝန်းကျင်ဆိုး ဖြစ်လာတယ်။ အဲဒါက စိုးရိမ်စရာ အနေအထား ဖြစ်လာတယ်။
Q. ဟုတ်တယ်နော်ဆရာမ။ ဆင်ခြင်တုံတရားမြင့်တဲ့ လူကြီးတွေအတွက်ကတော့ Facebook သုံးပြီး ကောင်းတာတွေယူမယ်၊ မကောင်းတာတွေ ပယ်မယ်ဆိုရင် ပြဿနာမရှိဘူးပေါ့။ ဒါပေမဲ့ ကလေးတွေနဲ့ လူငယ်တွေအတွက်တော့ အန္တရာယ်များတယ်လို့ ထင်တယ်။ အများအားဖြင့် တီဗီတွေ၊ ဗီဒီယိုတွေ ကြည့်တဲ့အခါ အိမ်မှာ မိဘနဲ့အတူတူ ထိုင်ကြည့်ကြတယ်။ ဒါပေမဲ့ ဖုန်းနဲ့ အင်တာနက်သုံးတာ၊ Facebook သုံးတာကျတော့ သူ့ဘာသာသူ တစ်ယောက်တည်း သူ့အခန်းထဲမှာ သုံးနေတာမျိုးဆိုတော့ သူဘာတွေ ကြည့်နေသလဲဆိုတာ မိဘက အလွယ်တကူမသိနိုင်ဘူး။ အဲဒီတော့ Facebook ကြောင့် ကလေးတွေနဲ့ လူငယ်တွေအတွက် အန္တရာယ်မဖြစ်အောင် ဘယ်လိုလုပ်သင့်လဲဆရာမ။
A. ကလေးတစ်ယောက် ငြိမ်နေပြီဆိုရင် အဲဒီငြိမ်နေတဲ့ကလေးကို မိဘက ဂရုစိုက်ဖို့ ပိုလိုအပ်တယ်။ ကလေးက ငြိမ်နေတယ်ဆိုရင် မိဘကိုတော့ အနှောင့်အယှက်မပေးတော့ဘူး။ သို့သော် ကလေးတစ်ယောက် ငြိမ်နေတယ်ဆိုရင် သူဘာလုပ်နေလဲဆိုတာ ပိုသတိထားဖို့လိုတယ်။ တချို့မိဘတွေက သားသမီးရဲ့ Facebook Account ကို ကိုယ်ပါ ၀င်ကြည့်ပြီး ထိန်းပေးတာမျိုး ရှိတယ်။ ဒါပေမဲ့ အဲဒါမျိုးက တော်တော်ရှားပါတယ်။ အများအားဖြင့်တော့ သားအမိချင်း၊ သားအဖချင်းက Facebook မှာ Friend မဖြစ်ကြဘူး။ အဲဒီတော့ သူတို့ ဘာတွေလုပ်နေသလဲ၊ သူတို့ဆီမှာ ၀င်ရေးနေတဲ့ Comment တွေက ဘာတွေလဲဆိုတာကို မိဘက မသိနိုင်ဘူး။
Facebook ကို တားဆီးဖို့တော့ မလွယ်ဘူး။ ဒါပေမဲ့ Facebook ကို သုံးတဲ့အချိန် လျော့နည်းအောင်တော့ မိဘတွေ၊ အစ်ကိုတွေ၊ အစ်မတွေက လုပ်ပေးနိုင်တယ်။ နာရီဝက်လောက်ပဲ Facebook သုံးရမယ်ဆိုတာမျိုး ကန့်သတ်ပေးရမယ်။ လွတ်လပ်ခွင့်လေးလည်း နည်းနည်းပေးမယ်။ ပြီးတော့ ပြန်လည်းထိန်းရမယ်။ Facebook မှာ ကောင်းတဲ့အချက်တွေ ရှိပါတယ်။ ဒါပေမဲ့ မကောင်းတဲ့အချက်တွေကလည်း များတဲ့အတွက်ကြောင့် အဲဒါတွေကို ကလေးတွေသိအောင် ပြောပြရမှာပေါ့။ Facebook မှာ ကြည့်သင့်တဲ့ Post တွေရှိမယ်။ မကြည့်သင့်တဲ့ Post တွေရှိမယ်။ မကြည့်သင့်တဲ့ Post တွေဆိုရင် သားရယ် ဒါမျိုးကိုတော့ ကြည့်မနေပါနဲ့ဆိုတာမျိုး ပြောပြရမယ်။ မိဘတွေအနေနဲ့ တာဝန်ကတော့ တော်တော်ကြီးတယ်။
Facebook ကို သားသမီးနဲ့ မိဘ အတူတူကြည့်ရင်းနဲ့ သင်ပေးလို့ ရတယ်။ ပြောပြလို့ရတယ်။ ဒါပေမဲ့ မိဘက အဲဒီအတွက် အချိန်တော့ ပေးရမယ်။ အနည်းဆုံး တစ်နေ့ကို တစ်နာရီလောက် အချိန်ပေးရင် လုံလောက်မယ်လို့ ထင်တယ်။ သား ဘာကြည့်နေလဲ၊ သမီး ဘာကြည့်နေလဲ၊ တစ်ခါတလေ တစ်ယောက်နဲ့တစ်ယောက် ပြောကြပါတယ်၊ အမေရေ၊ ဘာသတင်းဆိုတာမျိုးပြောရင် ကိုယ်က ကိုယ့် Facebook မှာချည်း ၀င်မနေဘဲနဲ့ သားရဲ့ Facebook ထဲကို မသိမသာဝင်ကြည့်ပြီး ဒါကတော့ ဘယ်လိုရှိတယ်၊ ဒီစကားလုံးကတော့ ကြမ်းတမ်းတယ်၊ မသုံးသင့်ဘူးဆိုတာ ပြောပြရမယ်။
မိဘတွေက ကလေးလက်လှမ်းမီတဲ့နေရာမှာ စာအုပ်စင်လေးနဲ့ ကလေးဖတ်ဖို့ သင့်တော်တဲ့စာအုပ်တွေ ထားပေးရမယ်။ မိဘကလည်း ကိုယ်တိုင်က Facebook သုံးချင်ရင်တောင် ကလေးရှေ့မှာ သုံးနေတာမျိုးကို ဆင်ခြင်သင့်တယ်။ ကလေးဖတ်သင့်တဲ့စာအုပ်လေးတွေကို ရွေးချယ်ပေးပြီး ကလေးနဲ့အတူဖတ်တာမျိုး လုပ်ပေးသင့်တယ်။ ကလေးတွေ Facebook ကြည့်တာကို တားလို့တော့မရဘူး။ သို့သော် အချိန်ကန့်သတ်ပေးရမယ်။ Monitor screen ကို ကြည့်တဲ့အချိန်နဲ့ စာအုပ်ကို ကြည့်တဲ့အချိန်ကို ကန့်သတ်ပေးရမယ်။ Facebook ကို ကြည့်တဲ့အချိန်က တစ်နာရီဆိုရင် စာအုပ်ကို နှစ်နာရီ ဖတ်ရမယ်။ အဲဒီလိုလေး လုပ်ပေးမယ်ဆိုရင်တော့ Facebook ကြောင့် ဖြစ်လာမယ့် အန္တရာယ်နည်းမယ်လို့ ထင်တယ်။
0 comments:
Post a Comment