ဗွီဒီယိုကြည့်လျှင် Read More'n နှိပ်ပြီးသွားရပါမည်ဝင်ရောက်ပြီး ကြည့်ရှု့သူ မိတ်ဆွေအပေါင်း ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။

Sunday, July 30, 2017

နောင်တကင်းစွာ ရှင်သန်ပါ

ဘယ်သူက ကိုယ့်ကို ဘယ်လောက် ကောက်ကျစ်ပါစေ ၊ ကိုယ့်ရဲ့ဖြူစင်မှုလေး ပျောက်မသွားပါစေနဲ့

သူကောက်ကျစ်တဲ့ ကံအဟောင်းက မကောင်းကျိုးပေးတဲ့ ကံအသစ်ကို ဖြစ်စေပါလိမ့်မယ်

ကိုယ့်ရဲ့ စိတ်ဓာတ်ဖြူစင်မှုကို ထိန်းသိမ်းပြီး သူ့လို ပြန်ပြီး မကောက်ကျစ်လိုက်ခြင်းက ကိုယ့်အတွက် ကောင်းကျိုးကံအသစ်ကို ပေးပါလိမ့်မယ်၊ နောင်တကင်းစွာ နေထိုင်ရှင်သန်ရပါလိမ့်မယ်

ဘဝမှာ နောင်တကင်းကင်းနဲ့ အသက်ရှင်ရတာလောက် ကျေနပ်စရာကောင်းတာ မရှိပါဘူး

ရုပ်ဝတ္ထုတွေ တိုးတက်တယ်ဆိုတာ အပေါ်ယံအကာမျှသာ ဖြစ်ပါတယ်၊
ကိုယ့်နှလုံးသားမှာ စိတ်ကောင်းစိတ်မြတ်တွေ တိုးတက်အောင်ကြိုးစားနိုင်မှ အနှစ်သာရရှိတဲ့ဘဝကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်

အရှင်တေဇာနန္ဒ စေတနာပန်းခင်းဆရာတော်
2.7.2017

Share:

မတူတဲ့လူတွေနဲ့ အတူနေရင် မတူတဲ့ ဘဝကိုရမယ်

မတူတဲ့လူနဲ့ အတူနေရင် မတူတဲ့ဘဝကိုရမယ်
-------
မတူတဲ့လူနဲ့ အတူနေရင် မတူတဲ့ဘဝကိုရမှာပဲ...

တကယ်လက်တွေ့ဘဝမှာ ဘယ်သူနဲ့ သင်ပေါင်းသင်းနေတယ်ဆိုတာက အရမ်းကို အရေးပါပါတယ်။ အဲဒီဘယ်သူက သင်ကြီးပြင်းရာ လမ်းတလျှောက်က သင့်အောင်မြင်မှု၊ ကျရှုံးမှုတွေကို ဆုံးဖြတ်ပေးပါလိမ့်မယ်။

အလုပ်ကြိုးစားသူနဲ့နေရင်
သင်မပျင်းတတ်တော့ဘူး။
အကောင်းမြင်တတ်သူ၊ အပြုသဘောဆောင်သူနဲ့နေရင်
သင်မထိုင်းမှိုင်း၊ အားမငယ်တတ်တော့ဘူး။
အသိပညာရှိသူနဲ့နေရင်
သင်အသိပညာတိုးမယ်။
မြင့်မြတ်သူနဲ့နေရင်
အထွတ်အထိပ်ကို သင်ရောက်မယ်။

သိပ္ပံပညာရှင်တွေရဲ့ ဆန်းစစ်ချက်မှာ...
"လူဆိုတာ သွယ်ဝိုက်ပြီးပြောတဲ့စကားတွေကို နားလည်တဲ့ တစ်မျိုးတည်းသော သတ္တဝါဖြစ်တယ်။ အကောင်းဘက် သွယ်ဝိုက်တဲ့စကားတွေက လူတွေရဲ့ခံစားချက်နဲ့ စိတ်အခြေအနေကို အကောင်းဘက်သက်ရောက်စေတယ်။ ကိုယ်ရည်ကိုယ်သွေးတွေကို လှုံ့ ဆော်ပေးတယ်။ လုပ်နိုင်စွမ်းကို မြှင့်တင်ပေးတယ်။ ရှေ့သို့တက်လှမ်းစေတယ်၊ ကြိုးပမ်းအားထုတ်စေတယ်" လို့ဆိုတယ်။

အပျက်သဘောဆောင်သူတွေနဲ့ ဝေးနိုင်သမျှ ဝေးဝေးနေပါ။ နို့မဟုတ်ရင် သင့်စိတ်ကူးအိပ်မက်တွေ အခိုးခံလိမ့်ရမယ်။ သင့်စိတ်ဓာတ်တွေ ယိုယွင်းကုန်လိမ့်မယ်၊ တိုးတက်ချင်စိတ်တွေ ကုန်ခမ်းလိမ့်မယ်။

အပြုသဘောဆောင်သူတွေက နေမင်းကြီးနဲ့တူတယ်။ ဘယ်နေရာရောက်ရောက် အလင်းရောင်ကို ဆောင်ပေးတယ်။

အပျက်သဘောဆောင်သူတွေက လမင်းနဲ့တူတယ်။ လပြည့်၊ လကွယ် အလင်းပေးတာတောင်မတူဘူး။

စိတ်သဘောထားက အရာရာကို ဆုံးဖြတ်ပေးတယ်။ ဘယ်လိုစိတ်သဘောထားရှိရင်
ဘယ်လို အနာဂတ်ကို ရစေပါတယ်။
အကျင့်စရိုက်က ကံကြမ္မာကို ဆုံးဖြတ်ပေးတယ်။
ဘယ်လို အကျင့်စရိုက်က ဘယ်လိုဘဝကို ရစေပါတယ်။

တချို့ကပြောတယ်။ လူ့ဘဝမှာ ကံကောင်းခြင်း သုံးကြိမ်ရှိသတဲ့။

ကျောင်းနေချိန်မှာ ဆရာကောင်းနဲ့တွေ့တာ
ကံကောင်းခြင်းပဲ။
အလုပ်လုပ်ချိန် ဆရာသမားကောင်းနဲ့တွေ့တာ
ကံကောင်းခြင်းပဲ။
အိမ်ထောင်ပြုချိန် အိမ်ထောင်ဖက်ကောင်းနဲ့တွေ့တာလည်း
ကံကောင်းခြင်းပဲ။

တစ်ခါတလေ သူတို့ရဲ့ အပြုံးတစ်ပွင့်၊ နွေးထွေးတဲ့စကားတစ်ခွန်းက သင့်ဘဝကို နေရောင်ခြည်နဲ့ လင်းလက်စေနိုင်တယ်။

ဘဝမှာ ကံမကောင်းခြင်းဆိုတာက သင့်ဘေးမှာ အပြုသဘောဆောင်သူ၊ အကောင်းမြင်သူ ကင်းမဲ့လို့ဖြစ်တယ်။ ဝေးဝေးလှမ်းမြင်နိုင်သူ မရှိလို့ဖြစ်တယ်။ ဒါကြောင့် သင့်ဘဝက အမှောင်ထဲမှာ အရောင်ပျောက်နေတာဖြစ်တယ်။

စကားတစ်ခွန်းက ဒီလိုဆိုပါတယ်။
"သင်ဘယ်သူလဲ အရေးမကြီးဘူး။ အရေးကြီးတာက သင်ဘယ်သူနဲ့ အတူနေနေသလဲ" ဆိုတာဖြစ်တယ်။

ကြက်မ,ဝပ်လို့ ကြီးပြင်းခဲ့ရတဲ့ လင်းယုန်ဟာ သူ့ကိုယ်သူကြက်ပါဆိုပြီး ပျံသန်းခြင်းအတတ်ကို လက်လွတ်ခဲ့တယ်။ အတောင်ဖြန့်ပြီး ကောင်းကင်ပြာပေါ် သူဘယ်လို ပျံသန်းဦးမလဲ...

သိုးကြားမှာ ကြီးပြင်းခဲ့တဲ့ မြေခွေးဟာ ကြမ်းကျုတ်တဲ့စိတ်ပျောက်ပြီး သိုးကိုချစ်မိသွားခဲ့တယ်။
မြက်ခင်းပြင်မှာ သူဘယ်လို့ဒုန်းစိုင်းပြီး သားကောင်ရှာတော့မလဲ...

အမှန်တော့ သင်ဟာထူးကဲသူပါ။ ဒါပေမယ့် သင့်ဘေးက အဆိုးမြင်သူကြောင့် ရှေ့သို့တက်လှမ်းချင်တဲ့ သင့်ခွန်အားတွေ ဆုတ်ယုတ်ကုန်တယ်။ စိတ်ဓာတ်တွေ ညံ့ဖျင်းကုန်တယ်။

စာကောင်းတွေဖတ်တယ်၊ အသိပညာရှိသူဆီ ချည်းကပ်တယ်ဆိုတာ လူ့ဘဝရဲ့ အကောင်းဆုံးကံနှစ်ခုဖြစ်တယ်။ လူ့ဘဝဆန်းကြယ်ပုံကို ဒီအရာနှစ်ခုနဲ့ သင်ယူနိုင်တယ်။ လက်ထဲ ဆောင်ထားနိုင်တယ်။

ဘဝရဲ့လှပခြင်းဆိုတာ တစ်ပါးသူကို နှင်းဆီလက်ဆောင်ပေးတယ်။ ကိုယ့်လက်ထဲမှာလည်း နှင်းဆီရနံ့တွေ ကျန်ခဲ့တယ်။ ဒါဟာ လူ့ဘဝဖြစ်တယ်။

ထက်မြက်သူနဲ့နေချင်ရင် သင်ထက်မြက်ရလိမ့်မယ်။
ထူးကဲသူနဲ့နေချင်ရင် သင်ထူးကဲရလိမ့်မယ်။

သူတစ်ပါးရဲ့ကောင်းကွက်ကို အလွယ်တကူမြင်ပြီး ကိုယ့်အတွက်ခွန်အားအဖြစ်၊ သင်ယူစရာအဖြစ် ပြောင်းလဲမယ်။ ဒီလိုဆိုရင် သင်ဟာ ထက်မြက်သူဖြစ်ပါတယ်။ လူ့ဘဝရဲ့ အခွင့်အရေးကို လက်ဆုပ်လက်ကိုင်ပြုပြီး ကိုယ့်အခွင့်အရေးအဖြင့် ပြောင်းလဲမယ်။ ဒီလိုဆိုရင် သင်ဟာ ထူးကဲသူဖြစ်ပါတယ်။

သူတစ်ပါးရဲ့ အောင်မြင်မှုကို
ကိုယ့်အောင်မြင်မှုအတိုင်း ပြင်းပြမယ်။
သူတစ်ပါးရဲ့ အကောင်းဆုံးကို သင်ယူပြီး
အကောင်းဆုံးကိုယ် လုပ်မယ်။
သူတစ်ပါးရဲ့ အသိပညာကို ဆည်းပူးပြီး
အောင်မြင်တဲ့ကိုယ် လုပ်မယ်။

မတူတဲ့လူနဲ့ အတူနေရင် မတူတဲ့ဘဝကို ရပါတယ်။

----

မူရင်းလင့်--http://www.renhe.cn/team/showtopic-74973.html

နိုင်းနိုင်းစနေ (Thursday, August 26, 2010)

#NineNineSaNay
.

Share:

မိန်းမပီသဖို့ဆိုရင်

မိန်းမပီသဖို့ ဆိုရင်
===========

ကျိုးနွံစွာနေရမယ်လို့ မဆိုလိုပါဘူး
ခေတ်အရ ပွင့်လင်းရိုးသားဖို့လိုတယ်။

မြန်မာဆန်ဆန် အဖွားအိုလို ဝတ်ရမယ်လို့ မဆိုလိုပါဘူး
ခေတ်အရ အမြင်မရိုင်းပြီး အမြင်တော်ဖို့ပဲ လိုပါတယ်။

မီးဖိုချောင်မှာ ချွေးတစ်လုံးလုံးနဲ့ အိမ်ထဲမှာ အောင်းနေဖို့မလိုပါဘူး
ခေတ်အရ ထိုက်သင့်တဲ့ လွတ်လပ်မှူနှင့် မိမိကိုယ်​ကို တန်ဖိုးထား
ထိမ်းသိမ်းပီး မိန်းမတစ်ယောက်တတ်သင့်တဲ့ အိမ်မှူကိစ္စ တတ်ထား
ဖို့လိုပါတယ်​။

ရည်းစားတစ်ယောက်တည်းထားပြီး ဒီတစ်ယောက်ကိုပဲ ယူရမယ်လို့
မဆိုလိုပါဘူး
အခြေအနေအရ ရည်းစားတစ်ယောက်ထက်ပိုသော်လည်း အချစ်ကို
မကစားဘဲ မ "အ"ဖို့လိုတယ်။

လင်ယောက်ျားကို ဘုရားလိုကိုးကွယ်ဖို့မလိုပါဘူး
လင်ယောက်ျားကို ထိမ်းသိမ်းနိုင်ပြီး သားသမီးတွေကို လုံခြုံစွာ
အရိပ်ပေးနိုင်ဖို့ပဲ လိုပါတယ်။

မိဘစကားကို မြေဝယ်မကျ နားထောင်ရမယ်လို့ မဆိုလိုပါဘူး
ထိုက်သင့်တဲ့ အတွေးအခေါ်နဲ့ မှန်ကန်တဲ့ အမြင်ရှိဖို့လိုပါတယ်။

ရင်ဖုံးအကျီနဲ့ လုံချည်ကို ခြေချင်းဝတ်အထိဝတ်ဖို့မလိုပါဘူး
ခေတ်အရ ထိုက်သင့်တဲ့ ဝတ်စားဆင်ယင်မှူနှင့် နိုက်ကလပ်မတက်ဖို့ဘဲ
လိုပါတယ်။

မိန်းမ ပီသဖို့ဆိုရင် မိမိကိုယ်ကို ထိမ်းသိမ်းနိုင်မှူ ၊ အမြင်တော်သော
ဝတ်စားဆင်ယင်မှု ၊ ထိုက်သင့်သလောက်သော ယဉ်ကျေးသိမ်မွေ့မှူ ၊
သစ္စာတရားကို ဦးထိပ်မှာ ပန်ဆင်ပြီး တတ်သင့်တတ်အပ်သော
အိမ်မှူကိစ္စလုပ်နိုင်ဖို့လိုပါတယ်။

မိန်းမကောင်းဖြစ်ချင်ရင်တော့ မျက်နှာကို သနပ်ခါးလိမ်းသလို
အတွင်းမနှောကိုလည်း သန့်စင်ပြီး သစ္စာရှိနေရင် မိန်းမကောင်း
တစ်ယောက်ဖြစ်တယ်လို့ ယူဆပါတယ်။

လေးစားစွာဖြင့် ♥ ♥ ♥
ဇင်းနစ်​ မကွေး
Credit. To. ဇင်းနစ် သိမ်းဆည်းထားသော စာစုများ

Share:

သူတို့နဲ့ ပြန်ဆုံကြဦးမည်

လိမ်ညာခြင်းတွေကို  အလိုက်သိစွာ
ဖြင့်တစ်ကြိမ်မက  ခေါင်းငြိမ့်ပေးခဲ့ဖူးသည်,,,

တုံးလို့ အလို့မဟုတ်ပါ
တစ်ခါတလေ ငြင်းဆန်ဖို့ထက်

အသိမှတ်ပြုလိုက်ခြင်းက  မိမိဘဝကို
ငြိမ်းချမ်းစေခဲ့လို့ပါ,,,
ဆဲရေးတိုင်းထွာသူတွေကို  ပြန်ဆဲဖို့

အားမမွေးပဲ ခေါင်းငုံ့ခံခဲ့ဖူးသည်,,,
ကြောက်လို့မဟုတ်သလို  မဆဲတတ်လို့လည်းမဟုတ်ပါဘူး

တစ်ခါတလေ  ဆဲနေသောသင့်ကို
လူညံ့ဟုထင်မိသောကြောင့်  ပြန်ဆဲရန်ပင်မကြိုးစားခဲ့တဲ့ အခိုက်တန့်လေး
တွေရှိခဲ့ဖူးပါသည်,,,

သင်နဲ့အတူ  လူညံ့စာရင်းမဝင်ချင်လို့ပါ,,,လှောင်ရယ်သံတွေ  တစ်ကြိမ်မကကြားနေရပေမယ့်  အပြုံးမပျက်ခဲ့ပါဘူး

မခံစားတတ်လို့မဟုတ်သလို  မနာကျင်တတ်လို့လည်း  မဟုတ်ပါဘူး,,,

တစ်ခါတလေ  သင့်ရဲ့လှောင်ရယ်သံတွေက ငါ့ကိုကြိုးစားချင်စိတ်တွေ   မွေးဖွားပေးနေတယ်လို့အပြုံးလေးတွေက စကားဟြေနေတာကို

သင် သတိထားမိနိုင်ပါရဲ့လား,,,ရှုပ်
ထွေးတဲ့ ဘဝခရီးကိုအသိတရား ဖိနပ်တစ်ရံစီးပြီး

ဗဟုသုတ  ဓါးတစ်လက်နဲ့
ရှုပ်ထွေးမှုတွေ  ရှင်းလင်းကာ
ကြိုးစားမှုခွန်အားတစ်ချို့ကို  အသုံးချပြီးလိုရာခရီးကို  ဆက်လိုက်ပါဦးမယ်,,,

မဝေးတဲ့တနေ့မှာသင်တို့နဲ့ ပြန်ဆုံကြပေဦးမည်,,,အပြုံးကိုယ်စီနဲ့သာ တွေ့ဆုံလို၏ …

မေတ္တာဖြင့် ရေးသားခြင်းဖြစ်သည် ×××

                     

Share:

တောင်ပြုံးပွဲ ရက်ရွှေ့ဆိုင်း

Breaking News

တောင်ပြုံးပွဲကို ရက်ရွှေ့ဆိုင်း

မန္တလေး၊ဇူလိုင်၃၀

မန်းအစိုးရက  တောင်ပြုံးပွဲ ကျင်းပမည့် ရက်ကိုရွှေ့ဆိုင်းလိုက်ပြီး လောလောဆယ်တွင်မူ ယာယီပိတ်ထားလိုက်ပြီဖြစ်သည်။

မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က "ဈေးသည်တွေကိုစာနာပါတယ်။ဒါကပြည်သူ့ကျန်းမာရေးကိစ္စဖြစ်နေတယ်"ဟုပြောသည်။

မန်းအစိုးရ၏ထုတ်ပြန်စာထဲတွင် ပွဲတော်ပြန်လည်ကျင်းပခွင့် ကို ရောဂါထိန်းချုပ်နိုင်သည့်အချိန်တွင် ပြန်လည်ခွင့်ပြုပေးမည်ဟု ဖော်ပြထားသည်။

News & Photos by စောထွေး

Share:

H5N1 Flu ကြက်ငှက် တုပ်ကွေး

H5N1 Flu ကြက်ငှက် တုပ်ကွေး

ဘီဘီစီ ၂၉-၇-၂ဝ၁၇ သတင်း = ရန်ကုန်မြို့မှာ H5 N1 ရောဂါကြောင့်လို့ မသင်ကာစရာ ကြက်သေဆုံးမှုရှိ

1. H5N1 ဆိုတာဘာလဲ
Avian influenza လို့လည်းခေါ်တယ်။ Bird flu လို့လည်းခေါ်တယ်။ ကြက်ငှက်တွေမှာ သက်ရှူလမ်းကို အလွန် ကူးစက်လွယ်တယ်။ လူကိုကူးစက်တာ တခါတလေမှသာဖြစ်တယ်။ ဒါပေမဲ့ လူကိုကူးစက်ရင် ၆ဝ% သေဆုံးနိုင်တယ်။

2. H5N1 လူကိုဘယ်လိုကူးစက်သလဲ
ပိုးရှိနေတဲ့ ကြက်ငှက်ရဲ့ အသည်းနဲ့ အသားကို ထိကိုင်မိရာကနေ ကူးစက်တယ်။ ပိုးရှိပတ်ဝန်းကျင်ကနေလည်း ကူးစက်လာနိုင်သေးတယ်။ လူကနေလူကိုကူးစက်တာ အင်မတန်ဖြစ်ခဲတယ်။

3. H5N1 လူတွေဖြစ်ရင် ခံစားရမဲ့ရောဂါလက္ခဏာတွေ
ကူးစက်ခံရရင် ပိုးဝင်ခံရပြီးနောက် ၂ ရက်ကနေ ၈ ရက်အကြာမှာ ရောဂါလက္ခဏာစပေါ်မယ်။ အဖျားကြီးမြင့်နိုင်တယ်။ မအီမသာဖြစ်မယ်။ လည်ချောင်းနာမယ်။ ချက်ချင်းဖြစ်တဲ့ အသက်ရှူလမ်း ကူးစက်ရောဂါ၊ ချောင်းဆိုး၊ နူမိုးနီးယား။ အသက်ရှူ တို-ခက်ခဲ၊ ရင်ပတ်အောင့်မယ်။ ဗိုက်အောင့်၊ ဝမ်းပျက်။ စိတ်မူပြောင်း၊ တက်မယ်။ ကြွက်သားတွေနာမယ်။ တချို့မှာ မျက်စိနီရဲမယ်။ ဆိုးလာရင် အသက်ရှူခက်လာမယ်။ နူမိုးနီးယားရနိုင်တယ်။ ကံမကောင်းရင် သေနိုင်တယ်။

4. ကြက်သားစားလို့ရလား
သေသေချာချာ ချက်ပြုတ်ကြော်လှော်ထားတဲ့ ကြက်သားဟင်စားနိုင်ပါတယ်။ ဗိုင်းရပ်စ်က အပူချိန်ကို မခံနိုင်ပါ။ ၇ဝ ဒီဂရီ (စီ) အထိပူရင် စိတ်ချရပါတယ်။ အသားကိုင်တာမှာ စနစ်တကျ သန့်ရှင်းရမယ်။

5. H5N1 လူမှာဖြစ်ရင် ဘယ်လို ကုသမလဲ
အမြန်ကုသမှုခံယူရမယ်။ ဆေးရုံတင်ရမယ်။ အထူးခန်းမှာထားရနိုင်တယ်။ Oseltamivir (Tamiflu) ဆေးကိုသုံးရင် ခံစားရတာတွေ သက်သာစေတယ်။

6. Oseltamivir (Tamiflu) တမီဖလူးဆေး
လူကြီး ၁၂ နှစ်အထက်
• ကုသရန် = 75 mg တနေ့ ၂ ကြိမ်၊ ၅ ရက်။ HIV ရှိနေသူတွေ ၆-၁၂ ပါတ်။
• ကာကွယ်ရန် = 75 mg တနေ့ ၁ ကြိမ်၊ ၁ဝ ရက်။
ကလေး
• ၂ ပါတ်မှ ၁ နှစ် 3 mg/kg တနေ့ ၂ ကြိမ်။
• ၁ နှစ်မှ ၁၂ နှစ်အထိ အလေးချိန် 15 kg အထိ = 30 mg တနေ့ ၂ ကြိမ်။ 15.1 မှ 23 kg = 45 mg တနေ့ ၂ ကြိမ်။ 23.1 မှ 40 kg = 60 mg တနေ့ ၂ ကြိမ်။ 40.1 kg အထက် = 75 mg တနေ့ ၂ ကြိမ်။

ဘေးထွက်ဆိုးကျိုးများ = ပျို့၊ အန်။ ဝမ်းပျက်၊ ဗိုက်နာ။

Avian influenza လို့လည်းခေါ်တယ်။ ဗိုင်းရပ်တမျိုးကနေရောဂါဖြစ်စေတဲ့ တုပ်ကွေးတမျိုးဖြစ်တယ်။ Influenza A virus ဗိုင်းရပ်စ်အုပ်စုဝင် ဖြစ်တယ်။ မူရင်းရောဂါရတာက ငှက်တွေသာဖြစ်တယ်။ နောက်ပိုင်း လူကိုပါရောဂါရလာတယ်။ ငှက်၊ ကြက်တွေနဲ့ နီးစပ်သူတွေမှာ ကူးစက်ခံရဘို့အလားအလာ ရှိတယ်။ကူးစက်မှုမဖြစ်စေအာင် အဲဒီနေရာဒေသမှာ ငှက်၊ ကြက်တွေကို သတ်ရတယ်။ ကြက်ငှက်တွေကို ကာကွယ်ဆေးထိုးပေးရမယ်။

၂ဝ၁၁ ခုနှစ်မှာ ရောဂါအပြင်းစားရစေတဲ့ H5N1 ဖြစ်ခဲ့တယ်။ ၂ဝ၁၃ ထဲ တရုပ်ပြည်မှာ H7N9 အမျိုးအစားသစ် ပေါ်လာတယ်။ ဗိုင်းရပ်စ်တွေက ပိုးရှိနေတဲ့အကောင်တွေရဲ့ သွားရည်နဲ့ အညစ်အကြေးတွေထဲမှာ ပါနေတယ်။
၁၉၉၇ မှာ ပဌမဆုံးလူကိုကူးတာ သိရပြီး၊ မှတ်တမ်းအရ လူပေါင်း ၆၂၂ ယောက်ရှိသွားပြီ။ သေဆုံးသူပေါင်း ၃၇၁ ယောက်ရှိနေပြီ။

ရောဂါနာမည်တပ်ဘို့ Immunological tests ဓါတ်ခွဲစမ်းသပ်မှု လုပ်မှသာသိမယ်။ ဖြစ်လာရင် ဗိုင်းရပ်စ်ဆေးပေးရတယ်။ ဆိုးတဲ့သူတွေကို အထူးကြပ်မတ်ကုသပေးရမယ်။ လူကနေလူကိုကူးစက်တာနည်းပေမဲ့ ဖြစ်လာနေတယ်။ လူမှာဖြစ်လာရင် အလားအလာ မကောင်းလှပါ။ ၆ဝ% သေဆုံးနိုင်တယ်။ တရုပ်ပြည်မှာ H7N9 ကြောင့် ၁၃၂ ယောက် ရောဂါဖြစ်ပြီး ၃၇ ယောက် သေဆုံးပြီးဖြစ်တယ်။ Oseltamivir (Tamiflu) ဆေးကိုသုံးတယ်။

ကြက်ငှက်တုပ်ကွေးထိန်းချုပ်ရေး
ရောဂါထိန်းချုပ်ရေးရဲ့ အဓိကအချက်ဟာ လူကိုမကူးစေဘို့ဖြစ်တယ်။ A (H5N1) နဲ့ A (H7N9) အမျိုးအစား ဗိုင်းရပ်စ် တွေကနေ လူကိုကူးစက်နိုင်တယ်။ ရောဂါရနေတဲ့အကောင် အသေ (အသည်းနဲ့ အသား) ကို တိုက်ရိုက် ကိုင်တွယ်တာကနေ လူကိုကူးစက်တယ်။ တာရှည်ကိုင်တွယ်ရာကနေလည်း ကူးစက်တယ်။ အသေအချာချက်ပြုတ် ကြော်လှော်စားရင် လူကိုမကူးစက်ပါ။

ထိရောက်တဲ့ထိန်းချုပ်မှုဟာ ပိုးရှိတဲ့နေရာနဲ့ ထိစပ်မှုမှန်သမျှကို ပိတ်ပင်တားမြစ်ရမယ်။ ကျန်းမာရေးဌာနတွေကနေ ရောဂါအကြောင်း၊ နောက်ဆုံးအခြေအနေစတဲ့ သတင်းတွေကို အများပြည်သူ အလွယ်တကူ သိနိုင်တဲ့နည်းလမ်းတွေနဲ့ ထုတ်ပြန်ပေးနေရမယ်။ ရောဂါမပြန့်ပွါးအောင်လုပ်ဘို့၊ ဖြစ်နေသူတွေကို ချက်ချင်းကုသမှု ပေးနိုင်ဘို့ ပြင်ဆင်မှုတွေ မပြတ်တမ်း လုပ်နေရမယ်။ နောက်ဆုံးပေါ် ကုသနည်းလမ်းညွှန်ကို ကျန်းမာရေးဌာနတွေမှာ ပေးထားရမယ်။ ဆေးဝါး၊ လူအင်အား ဖြည့်တင်းထားရမယ်။ ကြက်၊ ဘဲ၊ ငုံး၊ ငန်း၊ ခိုတွေမွေးမြူတဲ့နေရာတွေကို စစ်ဆေးတာ၊ ထိန်းချုပ်တာတွေကို ချက်ချင်းလုပ်ရမယ်။ ဥပဒေလိုရင်လုပ်ရမယ်။ မလိုက်နာသူကို အရေးယူရမယ်။ မွေးမြူရေးလုပ်ရာတိုင်းမှာ အဖုံးအကာ၊ ကိရိယာတွေသုံးစေရမယ်။

အစိုးရကျန်းမာရေးဌာန၊ တိရစ္ဆာန် မွေးမြူရေးဌာန၊ ပုဂ္ဂလိကအဖွဲ့အစည်းတွေနဲ့ အများပြည်သူ စုပေါင်းလုပ်မှသာရမယ်။ သတင်းအမှားတွေပေးတာ၊ ကာကွယ်နည်း အလွဲတွေရေးတာ၊ ဖြန့်ဝေရောင်းချတာမျိုးတွေ မလုပ်ကောင်းပါ။

ဒေါက်တာတင့်ဆွေ
၃ဝ-၇-၂ဝ၁၇
ည (မနက်) ၁ နာရီ၊ ၅ မိနစ်။

Share:

Saturday, July 29, 2017

ယာဉ်ကြီး ယာဉ်ငယ်နှင့် အနိုင်ယာဉ်

ယာဉ်ကြီး ယာဉ်ငယ်နှင့် အနိုင်ယာဉ်
--- --- --- - -

တစ်နေ့သောအခါ ရှေ့နေကြီးလေးယောက်နှင့် ကိုဖြူတို့ ဂေါက်ကစားပြီးနောက် စားပွဲဝိုင်း၌ ဆုံကြလေသည်။

ကိုဖြူ ။ ။ နေ့စဉ်နှင့်အမျှ လမ်းတွေပေါ်က ယာဉ်တိုက်မှုတွေမှာ ပြောနေကြတဲ့ ယာဉ်ကြီး၊ ယာဉ်ငယ်ကိစ္စ၊ အနိုင်ယာဉ် ကိစ္စအကြောင်းကို ပြောပြပါဗျာ။

ရှေ့နေအေ။ ။ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၃၆၊ ၃၃၇၊ ၃၃၈ နဲ့ ပုဒ်မ ၃၀၄(က)တို့ဟာ ယာဉ်တိုက်မှုတွေမှာ အရေးယူတဲ့ ဥပဒေ ပုဒ်မတွေပါပဲဗျ။

ရှေ့နေဘီ။ ။ လူ့ရဲ့အသက်နဲ့ လုံခြုံရေးကို ဘေးဖြစ်စေအောင် အရမ်း(သို့မဟုတ်)ပေါ့ဆစွာပြုလုပ်ရင်၊ တစ်ဦးဦးကို ထိခိုက် နာကျင်မှု မဖြစ်သေးပေမယ့် ပြုလုပ်သူကို ထောင်ဒဏ်(၁)နှစ်ထိ ပြစ်ဒဏ်ချမှတ်နိုင်တယ်။ (ပုဒ်မ-၃၃၆)။ ဥပမာ – ဈေးတန်းထဲ ကို ကား၊ ဆိုင်ကယ်နဲ့ အရမ်းမောင်းဝင်၊ သူများအိမ် ခဲနဲ့ပေါက်၊ အများပြည်သူလမ်းပေါ် မြင်းဒုန်းစိုင်းစီးတာမျိုးပေါ့။

ရှေ့နေစီ။ ။ တစ်ဦးဦးကို သာမန်ထိခိုက်နာကျင်စေရင် ထောင်ဒဏ်(၂)နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်တယ်။ (ပုဒ်မ-၃၃၇)

ရှေ့နေဒီ။ ။ တစ်ဦးဦးကို အပြင်းအထန် နာကျင်စေရင် (၅)နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်တယ်။ (ပုဒ်မ-၃၃၈)

ရှေ့နေအေ။ ။ အရမ်းပေါ့ဆစွာ ပြုလုပ်လို့ လူကိုသေစေရင် ထောင်ဒဏ်(၇)နှစ်ထိ ပြစ်ဒဏ်ချမှတ်နိုင်တယ်။ သေစေတန်ရာ သည်ကို သိလျက်ပြုလုပ်လျှင် (၁၀)နှစ်ထိ ချမှတ်နိုင်တယ်။ ပုဒ်မ-၃၀၄ (က)

ရှေ့နေဘီ။ ။ ဥပမာ အမှုတွေကတော့ –

(က) ကား၊ ဆိုင်ကယ်တိုက်ပြီး မှောက်ပြီး လူသေရင်ဖြစ်စေ

( ခ) လှေ၊ မော်တော်မောင်းသူ ဆလင်၊ ပဲ့ကိုင်ပေါ့ဆလို့ သင်္ဘောကြီး တိုက်မိပြီး၊ လှေမှောက်ပြီး လူသေရင်ဖြစ်စေ

( ဂ) ကျည်ထိုးထားတဲ့ သေနတ်နဲ့ နောက်ပြောင်ခလုတ်ဆွဲမိလို့ လူသေရင်ဖြစ်စေ

(ဃ) ဂီယာဝင်နေတာ မသိဘဲ ကားကို စက်နှိုးလိုက်လို့ ကားထွက်သွားပြီး လူကို တိုက်မိလို့ လူသေရင်ဖြစ်စေ

( င) ကားဘီးကျွတ်သွားပြီး လမ်းဘေးအိမ်ထဲက လူကိုမှန်ပြီး သေသွားရင်ဖြစ်စေ

( စ) အရက်သောက်ပြီး မီးရထားမောင်းလို့ မီးရထားနှစ်စင်း ရင်ဆိုင်တိုက်မိရင်ဖြစ်စေ

(ဆ) ဂျစ်ကား ဘောနက်စက်ဖုံးပေါ် လူတွေတင်မောင်း၊ ကားမှောက် လူသေခဲ့လျှင်ဖြစ်စေ

အရမ်းပေါ့ဆစွာ မောင်းတယ်လို့ ယူဆပြီး အပြစ်ပေးခဲ့တဲ့  အမှုတွေရှိပါတယ်။

ရှေ့နေစီ။ ။ သစ်ပင်ပေါ်မှာ သစ်ကိုင်းခုတ်နေတဲ့လူကို ဆိုင်ကယ်တိုက်ပြီး သေတာလို့၊ လမ်းပေါ် ဆိုင်ကယ်မောင်းနေတဲ့ လူကို လေယာဉ်ဝင်တိုက်ပြီး သေတာလို့လည်း ရှိခဲ့တယ်။

ရှေ့နေဒီ။ ။ အရမ်းပေါ့ဆစွာ ပြုလုပ်တယ်ဆိုတာ လူသာမန်တို့ထားသင့်တဲ့ ဂရုစိုက်မှု၊ သတိထားမှုရှိမရှိနဲ့ တိုင်းတာရ တယ်။ ဒါပေမယ့် တစ်ခါတစ်ရံ ထိခိုက်မှုကို ရှောင်လွှဲမရ ဖြစ်တတ်ပါတယ်။

(က) လကွယ်ညသန်းခေါင်အချိန် အမြန်လမ်းမကြီးပေါ် ပုဆိုးအနက် ခြုံပြီးအိပ်နေတဲ့သူကို ကားတိုက်မိတာမျိုး

( ခ) သေကြောင်းကြံစည်တဲ့လူက မိမိကားရှေ့ကို လှဲချလိုက်တာမျိုး

( ဂ) အမြန်လမ်းမအလယ်မှာ လမ်းလျှောက်နေတဲ့ အရူးကို တိုက်မိတာမျိုးတွေလည်း ကြုံရတတ်ပါတယ်။

တရားခံရဲ့ အရမ်းပေါ့ဆစွာပြုလုပ်မှုကြောင့် ဒဏ်ရာရ၊ သေဆုံးတာဖြစ်မှ တရားခံမှာ အပြစ်ရှိပါတယ်။ သူ့ပေါ့ဆမှု မဟုတ်ရင် အပြစ်မရှိဘူး။ တရားသူကြီးကလွှတ်ပေးရမယ်။

ရှေ့နေအေ။ ။ ယာဉ်တိုက်မှုတစ်ခုဖြစ်လို့ လူတွေဒဏ်ရာရ၊ သေကြေရင် အကြောင်းတရား(၃)ခု ရှိတယ်။

(၁) ယာဉ်မောင်းသူရဲ့ ပေါ့ဆမှုလား

(၂) အတိုက်ခံရသူရဲ့ ပေါ့ဆမှုလား

(၃) ကိုင်တွယ်အသုံးပြုတဲ့ ယာဉ်အခြေအနေကြောင့်လား

စတာတွေနဲ့ ပေါင်းစပ်ပြီး ပတ်ဝန်းကျင်အနေအထားကို သုံးသပ်ဆုံးဖြတ်ကြရပါတယ်။

ကိုဖြူ ။ ။ ကျွန်တော်တို့ အရပ်ထဲမှာတော့ ယာဉ်ကြီးယာဉ်ငယ်ဥပဒေဆိုတာ ပြောနေကြပါတယ်။ လူနဲ့ စက်ဘီးနဲ့ တိုက်ရင် စက်ဘီးက ယာဉ်ကြီး၊ စက်ဘီးနဲ့ ဆိုင်ကယ်ဆိုရင် ဆိုင်ကယ်က ယာဉ်ကြီး၊ ဆိုင်ကယ်နဲ့ ကားဆိုရင် ကားက ယာဉ်ကြီး၊ ဒါကြောင့် ယာဉ်ကြီးက လျော်ရမယ်လို့ ပြောနေကြတာပဲ။ ယာဉ်နှစ်မျိုးဆိုရင် ယာဉ်ငယ်က အနိုင်ယာဉ် ဖြစ်တယ်။ ယာဉ်ကြီးဟာ မှားမှားမှန်မှန် အနိုင်ယာဉ်(ယာဉ်ငယ်)ကို လျော်ရမယ်လို့ ပြောနေကြတယ်။ ဥပဒေမှာ ပါသလား ဆရာတို့။

ရှေ့နေဘီ။ ။ ဥပဒေမှာတော့ ယာဉ်ကြီး၊ ယာဉ်ငယ်တို့၊ အနိုင်ယာဉ်တို့ဆိုတဲ့ ဥပဒေပြဋ္ဌာန်း မပါ ပါဘူး။ ခေတ်တစ်ခေတ် အခြေအနေတစ်ရပ်ရပ်မှာ အုပ်ချုပ်သူတွေနဲ့ တရားသူကြီးရဲ့ အထက်မှာရှိတဲ့လူတွေဟာ သူတို့စိတ်ကူးတည့်ရာ ထင်ရာ မြင်ရာတွေကို ဥပဒေကဲ့သို့ အာဏာတည်တဲ့ ပါးစပ်အမိန့်များ ထုတ်ပြန်ညွှန်ကြားခဲ့တာ ရှိပါတယ်။ ဥပမာ – ရပ်ထားတဲ့ ကားကို လမ်းလျှောက်လာတဲ့သူက တိုက်ရင် ကားသမားအပြစ်ရှိတယ်ဆိုတဲ့ အမိန့်ထုတ်ခဲ့ဖူးတယ်။ မယုံမရှိနဲ့။ ဒါကြောင့် ဥပဒေတွင် မည်သို့ဆိုစေကာမူဆိုပြီး တရားရုံးများက ယာဉ်ကြီးမောင်းသူတွေကို အပြစ်ပေးခဲ့ကြတယ်။ စစ်ဆေးပြီး ယာဉ်မောင်းအပြစ်မရှိလို့ လွှတ်ခဲ့ဖူးတာမရှိပါဘူး။ နီးရာဓားကို ကြောက်ရတော့ တရားခံဟာ တရား မျှတမှု မရခဲ့ကြဘူး။ ကြာခဲ့ပါပြီ။

ရှေ့နေစီ။ ။ ကျွန်တော့်အမှုသည်တစ်ယောက် ကားကို လမ်းဘေးချပြီး ရပ်ထားခဲ့တယ်။ ရွာထဲက အိမ်ပြန်အိပ်နေတယ်။ ည(၉)နာရီမှာ မီးမပါဘဲ မောင်းလာတဲ့ ဆိုင်ကယ်က ရပ်ထားတဲ့ကားနောက်ကို ၀င်တိုက်ပြီး ဆိုင်ကယ်သမား သေသွားတယ်။ နံနက်(၃)နာရီမှာ အိမ်ထဲအိပ်နေတဲ့ကားဆရာကို လာဖမ်းသွားတယ်။ ကားဆရာကို ပုဒ်မ-၃၀၄(က)တဲ့။

ရှေ့နေဒီ။ ။ ကျွန်တော့်အမှုသည်က လမ်းကြိတ်စက်မောင်းတဲ့သူ၊ လုပ်ငန်းခွင်မှာ ကျောက်စရစ်လမ်းကို ကြိတ်နေတုန်း ဆိုင်ကယ်တစ်စီး အရှိန်လွန်လဲပြီး လူက လမ်းကြိတ်စက်ဘီးလုံးကြီးအောက် ၀င်သွားတယ်။ ခေါင်းရောကိုယ်ရောပြားသွား တယ်။ လမ်းကြိတ်စက်မောင်းသမားလည်း ၃၀၄(က)ပဲ။

ရှေ့နေအေ။ ။ တရားသူကြီးများကလည်း ယာဉ်တိုက်မှုတွေမှာ ဒဏ်ရာရသူ၊ သေသူရဲ့ ပေါ့ဆမှုကြောင့် ဖြစ်ရတာဆိုတာ ထင်ရှားပြီး မောင်းသူဟာ အရမ်းပေါ့ဆမှုမရှိခဲ့ကြောင်း ထင်ရှားပေမယ့် တရားခံကို မလွှတ်ခဲ့ကြပါဘူးဗျ။ ယာဉ်ကြီးသမား တရားခံကို (ညှိကြပါ၊ ညှိကြပါ)လို့ တိုက်တွန်းနေခဲ့ရတယ်။ ညှိလို့၊ ပြေလည်လို့ ပြေလည်ကြောင်း တင်ပြမှသာ ချုပ်ရက်နဲ့ ဖြတ်ပေးတာလို့၊ သက်ညှာတဲ့ ပြစ်ဒဏ်၊ ငွေဒဏ်ချတာတို့ လုပ်ပေးပါတယ်။ ယာဉ်တိုက်မှုက တရားခံလွှတ်ရဲတဲ့ (ဘယာကို မကြောက်တဲ့) တရားသူကြီး အနှစ်(၄၀)အတွင်း မရှိသလောက်ပဲ။

ရှေ့နေဘီ။ ။ ညှိကြပါဆိုလို့ ကိုယ်တိုင်ကြုံရတဲ့ ညှိပုံအကြောင်း ပြောပြပါဦးမယ်။ မြို့ပြင်က မြို့ထဲဝင်လာတဲ့ စက်ဘီး တစ်စီးနဲ့ ဆိုင်ကယ်တစ်စီး ငြိကြပါရော။ လူမထိခိုက်ပါဘူး။ ယာဉ်ထိန်းရုံးရောက်ပြီး အမှုစွဲမတင်ခင် နှစ်ဖက်ညှိကြပါဆိုလို့ ညှိကြတယ်။ စက်ဘီးသမားက (၃၈၀၀၀ိ/-)တောင်းတယ်။ ဆိုင်ကယ်သမားက ပျက်စီးတဲ့ စက်ဘီးခြေနင်းပြားကို အသစ် လဲပေးမယ်။ နစ်နာကြေး (၅၀၀၀ိ/-)ပေးမယ်။ ဆစ်တယ်။ မရပါဘူး။ (၃၈၀၀၀ိ/-)ပဲ။ စက်ဘီးတန်ဖိုးကို မေးတော့ (၁၇၀၀၀ိ/-) တဲ့။ (၁၇၀၀၀ိ/-)ပေးမယ် ပြောတယ်။ မရဘူး။ (၃၈၀၀၀ိ/-)ပဲ၊ ငွေ(၁၇၀၀၀ိ/-)လည်းယူပါ။ မင်း စက်ဘီးလည်း ပြန်ယူသွားပါ ပြောတယ်။ မရဘူး။ (၃၈၀၀၀ိ/-)ပဲ။ အလွန်စိတ်ဝင်စားလို့ စက်ဘီးသမားကို ဘာကြောင့် (၃၈၀၀၀ိ/-)အတိအကျ တောင်းရ သလဲမေးမိတယ်။ သူက ညနေ အလုပ်ပြန်ရင် အကြွေးရှင် စောင့်နေတယ်၊ ကနေ့ ကျွန်တော် (၃၈၀၀၀ိ/-)မဆပ်ရင် ရဲလက်အပ်မယ် ပြောလိုက်လို့ပါဗျာတဲ့။ အင်း သူလည်း သူ့ဒုက္ခနဲ့ပါလား။ ထိရင်ငြိ၊ ငြိရင် ညှိ၊ ညှိရင် ညစ်နဲ့ မရ ရအောင် ညှစ်တတ်ခဲ့ကြတာကိုး။

ရှေ့နေစီ။ ။ ကားလမ်းပေါ် တက်သွားလို့ ကားတိုက်သေသွားတဲ့ (၃)နှစ်ကလေးကိစ္စမှာ လမ်းဘေးကျူးကျော်တဲပုတ် ထဲက သူ့အမေမုဆိုးမအတွက် (၅)သိန်းတောင်း ပေးခဲ့ဖူးတယ်။ နို့ညှာကလေးလေးက အရင်းအနှီးရှာပေးသွားတယ်ဆိုပြီး သူ့အမေ အော်အော်ငိုနေလေရဲ့။ သနားပါတယ်။

ရှေ့နေဒီ။ ။ ကျွန်တော်လည်း ပန်းနာသည် ဆိုက်ကားသမား ဘအေး ကားတိုက်သေတဲ့ အမှုအတွက် (၁၅)သိန်း တောင်းပေးခဲ့ရဖူးတယ်။ ကိုဘအေးဟာ အရင်တစ်ခါကလည်း ထော်လာဂျီတိုက်တော့ (၂)သိန်းပဲရတယ်။ အခုတစ်ခေါက် တော့ နေမကောင်းတဲ့ကြားကာ ဆိုက်ကားထွက်နင်းမယ်ဆိုပြီး ထွက်သွားလိုက်တာ လမ်းထိပ်မှာပဲ ပါရာဒိုကားသစ်ကြီးနဲ့ တိုက်ပြီး သေသွားတယ်။ သေတဲ့အထိ လုပ်ကျွေးသွားပါလား ကိုဘအေးရဲ့ ဆိုပြီး မိသားစုက အော်အော်ငိုနေကြတယ်။ သနားပါတယ်။

ကိုဖြူ ။    ။ ဆရာတို့ အတွေ့အကြုံအရ ယာဉ်တိုက်မှုတွေအပေါ် ပြောစရာများရှိရင် ပြောပြပါဗျာ။

ရှေ့နေအေဘီစီဒီ။ ။ လမ်းပေါ်မှာ ကားသစ်တွေများလာပြီ။ လူတွေများလာပြီ။ ထိငြိ၊ တိုက်မိ ဖြစ်နိုင်ချေ များလာပြီ။ ဒီတော့ မောင်းနှင်သူကိုပဲ အကြံပေးချင်ပါတယ်။ ယာဉ်မောင်းသူများ စိတ်မတိုပါနဲ့။ စိတ်ရှည်ရှည်ထားပါ။ စိတ်လျှော့ပါ။ ဒေါသထိန်းပါ။ အတ္တလျှော့ပါ။ အမြင်မတော်လည်း သည်းခံပါ။ ယာဉ်အရှိန်လျော့ပါ။ အချိုးမကျတာ မြင်လည်း သည်းခံပါ။ လူအုပ်ကို လေးစားပါ။ ယာဉ်စည်းကမ်းကိုလိုက်နာပါ။ မျဉ်းကျားဆို ရပ်ပါ။ ကိုယ်မှန်မှန် သူများမှားမှား မထိမိစေနဲ့။ အိမ်က မိသားစု စောင့်နေတာသိပါ။ ကိုယ်သွားတဲ့ခရီး ချောချောမောမော ရောက်ဖို့အရေးကြီးတယ်လို့ သဘောထားကြပါဗျာ။ (မထိ၊ မငြိ၊ မနာ)(ထိ၊ ငြိ၊ ညှိ၊ ညှစ်၊ နာ) လူမပြောနဲ့ လမ်းမပေါ်က ခွေးတောင် မတိုက်မိပါစေနဲ့။


Credit,
UTK (မဟာဝိဇ္ဇာ၊ သိပ္ပံ၊ ဥပဒေ)
ဦးထွန်းကြည် ဥပဒေ ဒိုင်ယာရီ
ကိုကိုနိုင်လင်း

Share:

ကျေးဇူးရှင် မိဘနှစ်ပါး

ကျေးဇူးရှင် မိဘနှစ်ပါး

Pho Thu Taw | PhoThuTaw.com | ဖိုးသူတော်

Lwin Pyin | လွင်ပြင် သတင်း

သီချင်းကြိုက်သူများ

ဂုဏ်ပြုမှတ်တမ်း

ဂုဏ်ပြုမှတ်တမ်း

Popular Posts

Daily Post

Powered by Blogger.

Family

Family

ဦးမြင့်နိုင် (အ ဖေ)

ဦးမြင့်နိုင် (အ ဖေ)

မြရိပ်နန္ဒာ အိမ်မှာ

မြရိပ်နန္ဒာ အိမ်မှာ

ဘွဲ့

ဘွဲ့

ဒီမိုဝေယံ

ဘလော့အကြောင်း

စီးပွာရေး၊ နည်းပညာများကို မိသားစု Blog Site မှ ကြော်ငြာခြင်းဖြစ်ပါတယ် ဆက်သွယ်လိုပါက Gmail www.kyauksetp@gmail.com သို့ ဆက်သွယ်နိုင်ပါသည်။

Popular Posts

DVB | DVB

Blogger Tutorials

Blogger Template

ခင်ရတနာဦး ပဲများနေပုံ

ခင်ရတနာဦး ပဲများနေပုံ

ဒေါက်တာလွဏ်းဆွေ

Copyright © Than Naing Oo | Powered by Blogger Design by PWT | Blogger Theme by NewBloggerThemes.com