အသိမှတ်ပြုခံချင်တာ လူ့သဘာဝပဲ။
မပြုတော့လည်း ဘာအရေးလဲပေါ့။
ကိုယ်သိနေရင် ပြီးတာပဲလေ။
ဦးစားပေးခံချင်တာ လူ့သဘောပဲ။
မပေးတော့လည်း အေးဆေးပဲပေါ့။
သူမသိတတ်တာ သူ့အပိုင်း၊
ကိုယ်မရိုင်းဖို့က ကိုယ့်တာဝန်ပဲ မဟုတ်လား။
ဟုတ်တယ်။ ဦးစားပေးခံချင်တာ၊ အလေးပေးခံချင်တာ၊ အသိအမှတ်အပြုခံချင်တာ စတာတွေဟာ ပုထုဇဉ်သဘာဝ ရယူချင်တာကတော့ အမှန်ပေါ့။ ဒါပေမယ့် ကိုယ်ဖြစ်စေချင်သလို မဖြစ်လာတဲ့အခါ အဲဒီစိတ်ကပဲ ကိုယ့်ကို ခံစားနေရပြန်တယ်လေ။ မျှော်လင့်နေမိတဲ့ စိတ်ကိုက ပင်ပန်းစေတော့တာပါပဲ။
နောက်ကွယ်ကနေတတ်တဲ့ အကျင့်လေးကလည်း အသိအမှတ်အပြု မခံရလို့ ဖြစ်ရတဲ့ ခံစားချက်ကို သက်သာစေတတ်တာတော့ အမှန်ပဲ။ မသိတတ်တဲ့ သူမှာ အသိအမှတ် ပြုတတ်တဲ့ အမူအကျင့်ဆိုတာလည်း ရှိတတ်မှာ မဟုတ်ဘူး။ မရှိတာကို ရှိအောင်လုပ်ပေးလို့ ရပေယ့် မသိတာကို သိအောင်လုပ်ဖို့ကျတော့ အတော်မလွယ်လှပေဘူးပေါ့။
ဆိုတော့ကား မသိတဲ့သူနဲ့ပြိုင်ပြီး အသိမမဲ့ဖို့ကတော့ ကိုယ့်အပိုင်းပဲ။ သူ့သမိုင်းမှာ ကိုယ့်အရိုင်းတွေ မပါဖို့လိုတယ်။ ဘယ်သူအသိအမှတ် ပြုပြုမပြုပြု၊ ဘယ်သူဦးစားပေးပေး မပေးပေး ကိုယ့်အရေးကတော့ ကိုယ်အေးဆေးဖို့လိုတယ်။
အများကြီးမလိုရင် တအားကြီး မငိုရတော့ဘူး။
အများကြီး မမျှော်ရင် တအားကြီး မမော်ရတော့ဘူးပေါ့။
မေတ္တာဖြင့်
မနာပ ဒါယီ အရှင်ဝိစိတ္တ
(ခေတ္တ ဂျာမနီနိုင်ငံ၊ ဖရင့်ဖွတ်မြို့)
0 comments:
Post a Comment