ယာဉ်ကြီး ယာဉ်ငယ်နှင့် အနိုင်ယာဉ်
--- --- --- - -
တစ်နေ့သောအခါ ရှေ့နေကြီးလေးယောက်နှင့် ကိုဖြူတို့ ဂေါက်ကစားပြီးနောက် စားပွဲဝိုင်း၌ ဆုံကြလေသည်။
ကိုဖြူ ။ ။ နေ့စဉ်နှင့်အမျှ လမ်းတွေပေါ်က ယာဉ်တိုက်မှုတွေမှာ ပြောနေကြတဲ့ ယာဉ်ကြီး၊ ယာဉ်ငယ်ကိစ္စ၊ အနိုင်ယာဉ် ကိစ္စအကြောင်းကို ပြောပြပါဗျာ။
ရှေ့နေအေ။ ။ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၃၆၊ ၃၃၇၊ ၃၃၈ နဲ့ ပုဒ်မ ၃၀၄(က)တို့ဟာ ယာဉ်တိုက်မှုတွေမှာ အရေးယူတဲ့ ဥပဒေ ပုဒ်မတွေပါပဲဗျ။
ရှေ့နေဘီ။ ။ လူ့ရဲ့အသက်နဲ့ လုံခြုံရေးကို ဘေးဖြစ်စေအောင် အရမ်း(သို့မဟုတ်)ပေါ့ဆစွာပြုလုပ်ရင်၊ တစ်ဦးဦးကို ထိခိုက် နာကျင်မှု မဖြစ်သေးပေမယ့် ပြုလုပ်သူကို ထောင်ဒဏ်(၁)နှစ်ထိ ပြစ်ဒဏ်ချမှတ်နိုင်တယ်။ (ပုဒ်မ-၃၃၆)။ ဥပမာ – ဈေးတန်းထဲ ကို ကား၊ ဆိုင်ကယ်နဲ့ အရမ်းမောင်းဝင်၊ သူများအိမ် ခဲနဲ့ပေါက်၊ အများပြည်သူလမ်းပေါ် မြင်းဒုန်းစိုင်းစီးတာမျိုးပေါ့။
ရှေ့နေစီ။ ။ တစ်ဦးဦးကို သာမန်ထိခိုက်နာကျင်စေရင် ထောင်ဒဏ်(၂)နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်တယ်။ (ပုဒ်မ-၃၃၇)
ရှေ့နေဒီ။ ။ တစ်ဦးဦးကို အပြင်းအထန် နာကျင်စေရင် (၅)နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်တယ်။ (ပုဒ်မ-၃၃၈)
ရှေ့နေအေ။ ။ အရမ်းပေါ့ဆစွာ ပြုလုပ်လို့ လူကိုသေစေရင် ထောင်ဒဏ်(၇)နှစ်ထိ ပြစ်ဒဏ်ချမှတ်နိုင်တယ်။ သေစေတန်ရာ သည်ကို သိလျက်ပြုလုပ်လျှင် (၁၀)နှစ်ထိ ချမှတ်နိုင်တယ်။ ပုဒ်မ-၃၀၄ (က)
ရှေ့နေဘီ။ ။ ဥပမာ အမှုတွေကတော့ –
(က) ကား၊ ဆိုင်ကယ်တိုက်ပြီး မှောက်ပြီး လူသေရင်ဖြစ်စေ
( ခ) လှေ၊ မော်တော်မောင်းသူ ဆလင်၊ ပဲ့ကိုင်ပေါ့ဆလို့ သင်္ဘောကြီး တိုက်မိပြီး၊ လှေမှောက်ပြီး လူသေရင်ဖြစ်စေ
( ဂ) ကျည်ထိုးထားတဲ့ သေနတ်နဲ့ နောက်ပြောင်ခလုတ်ဆွဲမိလို့ လူသေရင်ဖြစ်စေ
(ဃ) ဂီယာဝင်နေတာ မသိဘဲ ကားကို စက်နှိုးလိုက်လို့ ကားထွက်သွားပြီး လူကို တိုက်မိလို့ လူသေရင်ဖြစ်စေ
( င) ကားဘီးကျွတ်သွားပြီး လမ်းဘေးအိမ်ထဲက လူကိုမှန်ပြီး သေသွားရင်ဖြစ်စေ
( စ) အရက်သောက်ပြီး မီးရထားမောင်းလို့ မီးရထားနှစ်စင်း ရင်ဆိုင်တိုက်မိရင်ဖြစ်စေ
(ဆ) ဂျစ်ကား ဘောနက်စက်ဖုံးပေါ် လူတွေတင်မောင်း၊ ကားမှောက် လူသေခဲ့လျှင်ဖြစ်စေ
အရမ်းပေါ့ဆစွာ မောင်းတယ်လို့ ယူဆပြီး အပြစ်ပေးခဲ့တဲ့ အမှုတွေရှိပါတယ်။
ရှေ့နေစီ။ ။ သစ်ပင်ပေါ်မှာ သစ်ကိုင်းခုတ်နေတဲ့လူကို ဆိုင်ကယ်တိုက်ပြီး သေတာလို့၊ လမ်းပေါ် ဆိုင်ကယ်မောင်းနေတဲ့ လူကို လေယာဉ်ဝင်တိုက်ပြီး သေတာလို့လည်း ရှိခဲ့တယ်။
ရှေ့နေဒီ။ ။ အရမ်းပေါ့ဆစွာ ပြုလုပ်တယ်ဆိုတာ လူသာမန်တို့ထားသင့်တဲ့ ဂရုစိုက်မှု၊ သတိထားမှုရှိမရှိနဲ့ တိုင်းတာရ တယ်။ ဒါပေမယ့် တစ်ခါတစ်ရံ ထိခိုက်မှုကို ရှောင်လွှဲမရ ဖြစ်တတ်ပါတယ်။
(က) လကွယ်ညသန်းခေါင်အချိန် အမြန်လမ်းမကြီးပေါ် ပုဆိုးအနက် ခြုံပြီးအိပ်နေတဲ့သူကို ကားတိုက်မိတာမျိုး
( ခ) သေကြောင်းကြံစည်တဲ့လူက မိမိကားရှေ့ကို လှဲချလိုက်တာမျိုး
( ဂ) အမြန်လမ်းမအလယ်မှာ လမ်းလျှောက်နေတဲ့ အရူးကို တိုက်မိတာမျိုးတွေလည်း ကြုံရတတ်ပါတယ်။
တရားခံရဲ့ အရမ်းပေါ့ဆစွာပြုလုပ်မှုကြောင့် ဒဏ်ရာရ၊ သေဆုံးတာဖြစ်မှ တရားခံမှာ အပြစ်ရှိပါတယ်။ သူ့ပေါ့ဆမှု မဟုတ်ရင် အပြစ်မရှိဘူး။ တရားသူကြီးကလွှတ်ပေးရမယ်။
ရှေ့နေအေ။ ။ ယာဉ်တိုက်မှုတစ်ခုဖြစ်လို့ လူတွေဒဏ်ရာရ၊ သေကြေရင် အကြောင်းတရား(၃)ခု ရှိတယ်။
(၁) ယာဉ်မောင်းသူရဲ့ ပေါ့ဆမှုလား
(၂) အတိုက်ခံရသူရဲ့ ပေါ့ဆမှုလား
(၃) ကိုင်တွယ်အသုံးပြုတဲ့ ယာဉ်အခြေအနေကြောင့်လား
စတာတွေနဲ့ ပေါင်းစပ်ပြီး ပတ်ဝန်းကျင်အနေအထားကို သုံးသပ်ဆုံးဖြတ်ကြရပါတယ်။
ကိုဖြူ ။ ။ ကျွန်တော်တို့ အရပ်ထဲမှာတော့ ယာဉ်ကြီးယာဉ်ငယ်ဥပဒေဆိုတာ ပြောနေကြပါတယ်။ လူနဲ့ စက်ဘီးနဲ့ တိုက်ရင် စက်ဘီးက ယာဉ်ကြီး၊ စက်ဘီးနဲ့ ဆိုင်ကယ်ဆိုရင် ဆိုင်ကယ်က ယာဉ်ကြီး၊ ဆိုင်ကယ်နဲ့ ကားဆိုရင် ကားက ယာဉ်ကြီး၊ ဒါကြောင့် ယာဉ်ကြီးက လျော်ရမယ်လို့ ပြောနေကြတာပဲ။ ယာဉ်နှစ်မျိုးဆိုရင် ယာဉ်ငယ်က အနိုင်ယာဉ် ဖြစ်တယ်။ ယာဉ်ကြီးဟာ မှားမှားမှန်မှန် အနိုင်ယာဉ်(ယာဉ်ငယ်)ကို လျော်ရမယ်လို့ ပြောနေကြတယ်။ ဥပဒေမှာ ပါသလား ဆရာတို့။
ရှေ့နေဘီ။ ။ ဥပဒေမှာတော့ ယာဉ်ကြီး၊ ယာဉ်ငယ်တို့၊ အနိုင်ယာဉ်တို့ဆိုတဲ့ ဥပဒေပြဋ္ဌာန်း မပါ ပါဘူး။ ခေတ်တစ်ခေတ် အခြေအနေတစ်ရပ်ရပ်မှာ အုပ်ချုပ်သူတွေနဲ့ တရားသူကြီးရဲ့ အထက်မှာရှိတဲ့လူတွေဟာ သူတို့စိတ်ကူးတည့်ရာ ထင်ရာ မြင်ရာတွေကို ဥပဒေကဲ့သို့ အာဏာတည်တဲ့ ပါးစပ်အမိန့်များ ထုတ်ပြန်ညွှန်ကြားခဲ့တာ ရှိပါတယ်။ ဥပမာ – ရပ်ထားတဲ့ ကားကို လမ်းလျှောက်လာတဲ့သူက တိုက်ရင် ကားသမားအပြစ်ရှိတယ်ဆိုတဲ့ အမိန့်ထုတ်ခဲ့ဖူးတယ်။ မယုံမရှိနဲ့။ ဒါကြောင့် ဥပဒေတွင် မည်သို့ဆိုစေကာမူဆိုပြီး တရားရုံးများက ယာဉ်ကြီးမောင်းသူတွေကို အပြစ်ပေးခဲ့ကြတယ်။ စစ်ဆေးပြီး ယာဉ်မောင်းအပြစ်မရှိလို့ လွှတ်ခဲ့ဖူးတာမရှိပါဘူး။ နီးရာဓားကို ကြောက်ရတော့ တရားခံဟာ တရား မျှတမှု မရခဲ့ကြဘူး။ ကြာခဲ့ပါပြီ။
ရှေ့နေစီ။ ။ ကျွန်တော့်အမှုသည်တစ်ယောက် ကားကို လမ်းဘေးချပြီး ရပ်ထားခဲ့တယ်။ ရွာထဲက အိမ်ပြန်အိပ်နေတယ်။ ည(၉)နာရီမှာ မီးမပါဘဲ မောင်းလာတဲ့ ဆိုင်ကယ်က ရပ်ထားတဲ့ကားနောက်ကို ၀င်တိုက်ပြီး ဆိုင်ကယ်သမား သေသွားတယ်။ နံနက်(၃)နာရီမှာ အိမ်ထဲအိပ်နေတဲ့ကားဆရာကို လာဖမ်းသွားတယ်။ ကားဆရာကို ပုဒ်မ-၃၀၄(က)တဲ့။
ရှေ့နေဒီ။ ။ ကျွန်တော့်အမှုသည်က လမ်းကြိတ်စက်မောင်းတဲ့သူ၊ လုပ်ငန်းခွင်မှာ ကျောက်စရစ်လမ်းကို ကြိတ်နေတုန်း ဆိုင်ကယ်တစ်စီး အရှိန်လွန်လဲပြီး လူက လမ်းကြိတ်စက်ဘီးလုံးကြီးအောက် ၀င်သွားတယ်။ ခေါင်းရောကိုယ်ရောပြားသွား တယ်။ လမ်းကြိတ်စက်မောင်းသမားလည်း ၃၀၄(က)ပဲ။
ရှေ့နေအေ။ ။ တရားသူကြီးများကလည်း ယာဉ်တိုက်မှုတွေမှာ ဒဏ်ရာရသူ၊ သေသူရဲ့ ပေါ့ဆမှုကြောင့် ဖြစ်ရတာဆိုတာ ထင်ရှားပြီး မောင်းသူဟာ အရမ်းပေါ့ဆမှုမရှိခဲ့ကြောင်း ထင်ရှားပေမယ့် တရားခံကို မလွှတ်ခဲ့ကြပါဘူးဗျ။ ယာဉ်ကြီးသမား တရားခံကို (ညှိကြပါ၊ ညှိကြပါ)လို့ တိုက်တွန်းနေခဲ့ရတယ်။ ညှိလို့၊ ပြေလည်လို့ ပြေလည်ကြောင်း တင်ပြမှသာ ချုပ်ရက်နဲ့ ဖြတ်ပေးတာလို့၊ သက်ညှာတဲ့ ပြစ်ဒဏ်၊ ငွေဒဏ်ချတာတို့ လုပ်ပေးပါတယ်။ ယာဉ်တိုက်မှုက တရားခံလွှတ်ရဲတဲ့ (ဘယာကို မကြောက်တဲ့) တရားသူကြီး အနှစ်(၄၀)အတွင်း မရှိသလောက်ပဲ။
ရှေ့နေဘီ။ ။ ညှိကြပါဆိုလို့ ကိုယ်တိုင်ကြုံရတဲ့ ညှိပုံအကြောင်း ပြောပြပါဦးမယ်။ မြို့ပြင်က မြို့ထဲဝင်လာတဲ့ စက်ဘီး တစ်စီးနဲ့ ဆိုင်ကယ်တစ်စီး ငြိကြပါရော။ လူမထိခိုက်ပါဘူး။ ယာဉ်ထိန်းရုံးရောက်ပြီး အမှုစွဲမတင်ခင် နှစ်ဖက်ညှိကြပါဆိုလို့ ညှိကြတယ်။ စက်ဘီးသမားက (၃၈၀၀၀ိ/-)တောင်းတယ်။ ဆိုင်ကယ်သမားက ပျက်စီးတဲ့ စက်ဘီးခြေနင်းပြားကို အသစ် လဲပေးမယ်။ နစ်နာကြေး (၅၀၀၀ိ/-)ပေးမယ်။ ဆစ်တယ်။ မရပါဘူး။ (၃၈၀၀၀ိ/-)ပဲ။ စက်ဘီးတန်ဖိုးကို မေးတော့ (၁၇၀၀၀ိ/-) တဲ့။ (၁၇၀၀၀ိ/-)ပေးမယ် ပြောတယ်။ မရဘူး။ (၃၈၀၀၀ိ/-)ပဲ၊ ငွေ(၁၇၀၀၀ိ/-)လည်းယူပါ။ မင်း စက်ဘီးလည်း ပြန်ယူသွားပါ ပြောတယ်။ မရဘူး။ (၃၈၀၀၀ိ/-)ပဲ။ အလွန်စိတ်ဝင်စားလို့ စက်ဘီးသမားကို ဘာကြောင့် (၃၈၀၀၀ိ/-)အတိအကျ တောင်းရ သလဲမေးမိတယ်။ သူက ညနေ အလုပ်ပြန်ရင် အကြွေးရှင် စောင့်နေတယ်၊ ကနေ့ ကျွန်တော် (၃၈၀၀၀ိ/-)မဆပ်ရင် ရဲလက်အပ်မယ် ပြောလိုက်လို့ပါဗျာတဲ့။ အင်း သူလည်း သူ့ဒုက္ခနဲ့ပါလား။ ထိရင်ငြိ၊ ငြိရင် ညှိ၊ ညှိရင် ညစ်နဲ့ မရ ရအောင် ညှစ်တတ်ခဲ့ကြတာကိုး။
ရှေ့နေစီ။ ။ ကားလမ်းပေါ် တက်သွားလို့ ကားတိုက်သေသွားတဲ့ (၃)နှစ်ကလေးကိစ္စမှာ လမ်းဘေးကျူးကျော်တဲပုတ် ထဲက သူ့အမေမုဆိုးမအတွက် (၅)သိန်းတောင်း ပေးခဲ့ဖူးတယ်။ နို့ညှာကလေးလေးက အရင်းအနှီးရှာပေးသွားတယ်ဆိုပြီး သူ့အမေ အော်အော်ငိုနေလေရဲ့။ သနားပါတယ်။
ရှေ့နေဒီ။ ။ ကျွန်တော်လည်း ပန်းနာသည် ဆိုက်ကားသမား ဘအေး ကားတိုက်သေတဲ့ အမှုအတွက် (၁၅)သိန်း တောင်းပေးခဲ့ရဖူးတယ်။ ကိုဘအေးဟာ အရင်တစ်ခါကလည်း ထော်လာဂျီတိုက်တော့ (၂)သိန်းပဲရတယ်။ အခုတစ်ခေါက် တော့ နေမကောင်းတဲ့ကြားကာ ဆိုက်ကားထွက်နင်းမယ်ဆိုပြီး ထွက်သွားလိုက်တာ လမ်းထိပ်မှာပဲ ပါရာဒိုကားသစ်ကြီးနဲ့ တိုက်ပြီး သေသွားတယ်။ သေတဲ့အထိ လုပ်ကျွေးသွားပါလား ကိုဘအေးရဲ့ ဆိုပြီး မိသားစုက အော်အော်ငိုနေကြတယ်။ သနားပါတယ်။
ကိုဖြူ ။ ။ ဆရာတို့ အတွေ့အကြုံအရ ယာဉ်တိုက်မှုတွေအပေါ် ပြောစရာများရှိရင် ပြောပြပါဗျာ။
ရှေ့နေအေဘီစီဒီ။ ။ လမ်းပေါ်မှာ ကားသစ်တွေများလာပြီ။ လူတွေများလာပြီ။ ထိငြိ၊ တိုက်မိ ဖြစ်နိုင်ချေ များလာပြီ။ ဒီတော့ မောင်းနှင်သူကိုပဲ အကြံပေးချင်ပါတယ်။ ယာဉ်မောင်းသူများ စိတ်မတိုပါနဲ့။ စိတ်ရှည်ရှည်ထားပါ။ စိတ်လျှော့ပါ။ ဒေါသထိန်းပါ။ အတ္တလျှော့ပါ။ အမြင်မတော်လည်း သည်းခံပါ။ ယာဉ်အရှိန်လျော့ပါ။ အချိုးမကျတာ မြင်လည်း သည်းခံပါ။ လူအုပ်ကို လေးစားပါ။ ယာဉ်စည်းကမ်းကိုလိုက်နာပါ။ မျဉ်းကျားဆို ရပ်ပါ။ ကိုယ်မှန်မှန် သူများမှားမှား မထိမိစေနဲ့။ အိမ်က မိသားစု စောင့်နေတာသိပါ။ ကိုယ်သွားတဲ့ခရီး ချောချောမောမော ရောက်ဖို့အရေးကြီးတယ်လို့ သဘောထားကြပါဗျာ။ (မထိ၊ မငြိ၊ မနာ)(ထိ၊ ငြိ၊ ညှိ၊ ညှစ်၊ နာ) လူမပြောနဲ့ လမ်းမပေါ်က ခွေးတောင် မတိုက်မိပါစေနဲ့။
Credit,
UTK (မဟာဝိဇ္ဇာ၊ သိပ္ပံ၊ ဥပဒေ)
ဦးထွန်းကြည် ဥပဒေ ဒိုင်ယာရီ
ကိုကိုနိုင်လင်း
0 comments:
Post a Comment