ဖခင်တစ်ယောက်ရဲ့အရေးပါပုံ
***********************
Jessica Mozart (A Cool Mom)
အဖေတွေဟာ သားသမီးတွေအတွက်အရမ်းကိုအရေးပါပါတယ်။ ကောင်းတဲ့အဖေပဲဖြစ်ဖြစ်၊ ဆိုးတဲ့အဖေပဲဖြစ်ဖြစ်၊ အတူနေတဲ့အဖေပဲဖြစ်ဖြစ်၊ အတူမနေတဲ့အဖေပဲဖြစ်ဖြစ်၊ အသက်ရှင်နေဆဲအဖေဖြစ်ဖြစ်၊ ဆုံးသွားပြီးဖြစ်တဲ့အဖေပဲဖြစ်ဖြစ် ... အဖေတိုင်းဟာကလေးတွေရဲ့ဘဝမှာ သက်ရောက်မှုအများကြီးရှိပါတယ်။
သုတေသနတွေအရဆိုရင် ကလေးတွေနဲ့သူတို့အဖေကြားကဆက်ဆံရေးဟာ ကလေးတွေရဲ့ဘဝမှာ မိမိကိုယ်ကိုယ်ယုံကြည်တန်ဖိုးထားတတ်ခြင်း၊ ဘဝမှာကျေနပ်ပျော်ရွှင်ခြင်း၊ ကျောင်းမှာစည်းကမ်းလိုက်နာစာတော်ကြခြင်းတွေအပေါ်သက်ရောက်တဲ့အပြင် သူတို့လေးတွေကြီးလာတဲ့အခါမှာရှိလာမယ့် ပေါင်းသင်းဆက်ဆံရေးတွေအပေါ်ကိုလဲသက်ရောက်မှုရှိပါသတဲ့။ အဖေလို့ပြောတဲ့အခါမှာ သွေးသားတော်စပ်သူအဖေ၊ အမေ့ကိုချစ်လို့ ကလေးကိုပါချစ်ပေးတဲ့သွေးသားမတော်စပ်တဲ့အဖေ၊ ဖခင်နေရာမှာနေနေတဲ့လူတိုင်းပါဝင်ပါတယ်။ တချို့ကလေးတွေအတွက်က သူတို့အဘိုး၊ သူတို့ဦးလေးလဲဖြစ်နိုင်ပါတယ်။ ဖခင်နေရာကလူတွေဟာ ကလေးတွေရဲ့ဘဝမှာ အများကြီးလွှမ်းမိုးမှုရှိပါတယ်။
ဖခင်ကောင်း
**********
ဖခင်ကောင်း/မိခင်ကောင်းတွေဆိုတာကတော့ ကလေးတွေအတွက် ငွေရှာမယ်၊ ထောက်ပံ့မယ်၊ ကလေးကိုအချိန်ပေးမယ်။ အရေးအကြီးဆုံးကတော့ ကလေးတွေကိုစိတ်လုံခြုံစေမယ်၊ စိတ်ဓါတ်ခွန်အားပေးမယ်၊ ချစ်ကြောင်းပြရမယ်။
ဖခင်ကောင်းတွေဆိုတာလဲ စိတ်တိုစိတ်မရှည်တဲ့အချိန်
တွေရှိပါတယ်။ ဒါပေမယ့် ကလေးအတွက် ငွေရှာရုံနဲ့မလုံလောက်ပဲ ကလေးကိုအချိန်ပေး၊ ကလေးပြောတာကိုသေချာနားထောင်ပေးတတ်တဲ့သူဖြစ်ရပါမယ်။ အပြင်ကိုအတူသွားလည်တာမျိုး၊ ကလေးကျောင်းကိစ္စတွေကိုလိုက်ပေးတာမျိုး၊ အိမ်မှာဂရုစိုက်ပြုစုပေးတာမျိုး၊ စာအုပ်ဖတ်ပြတာမျိုး၊ အတူကစားတာမျိုးလဲလုပ်ပေးကြရပါဦးမယ်။ "ယောက်ျားကောင်း/ဖခင်ကောင်းဆိုတာ တို့အဖေလိုလူမျိုးပဲ" ဆိုတာ ကိုယ့်သမီးတွေက လေ့လာနေပါလိမ့်မယ်။ အဲဒါမှသူတို့ဘဝအတွက်လက်တွဲဖော်ရွေးချယ်တဲ့အခါ ကိုယ်ကတိုင်းတာစရာပုံသက်သေဖြစ်နေပါလိမ့်မယ်။ အဲဒီလိုပဲ သားလေးတွေကြီးလာတဲ့အခါ "အဖေ့လိုလူမျိုး" ဖြစ်ချင်စရာပုံသက်သေအနေနဲ့ နေထိုင်ပေးမှ တော်ကာကျပါလိမ့်မယ်။ ကိုယ်ပြောသမျှ လုပ်သမျှကို လေ့လာစောင့်ကြည့်နေတဲ့ကလေးလေးတွေရှိတယ်ဆိုတာ ဖေဖေတို့ သဘောပေါက်နားလည်ထားစေချင်ပါတယ်။ ကလေးနဲ့အတူမနေရလို့ တခါတလေမှတွေ့ရတဲ့အဖေတွေလဲ သူတို့ကလေးတွေကိုချစ်ကြပါတယ်။ သူတို့စိတ်ထဲမှာအမြဲရှိကြမယ်ထင်ပါတယ်။ (တချို့ကိုယ့်သားသမီးကိုတောင်မချစ်တတ်တဲ့သူလဲရှိချင်ရှိနိုင်ပါတယ်)
ဖခင်ဆိုးများ
*********
ဖခင်တွေဟာ သားသမီးရဲ့ဘဝမှာ အများကြီးသက်ရောက်မှုရှိတဲ့အတွက် ဖခင်ဆိုးဆိုးရှိထားတဲ့ကလေးရဲ့ဘဝဆိုရင်လဲ negative effect တွေ အများကြီးရှိပါတယ်။ သုတေသနတွေအရ ခပ်ကြမ်းကြမ်းအုပ်ချုပ်တဲ့အဖေတွေရဲ့သားသမီးတွေဟာ ဒေါသကြီးတတ်ပြီး မိမိကိုယ်ကိုယ်တန်ဖိုးထားမှုအပိုင်းမှာလဲ အားနည်းပါသတဲ့။ ကိုယ့်ကလေးကို လမ်းမှားမရောက်စေချင်တဲ့ဖခင်များအနေနဲ့ ကလေးနဲ့ရင်းရင်းနှီးနှီး ချစ်ချစ်ခင်ခင် ပွင့်ပွင့်လင်းလင်းပြောဆိုနိုင်တဲ့ဆက်ဆံရေးမျိုးကို ဟိုးငယ်ငယ်လေးကတည်းက ဖန်တီးထားသင့်ပါသတဲ့။
ကလေးတွေဟာ ဖခင်ရဲ့အသိအမှတ်ပြုမှု၊ လက်ခံမှု၊ ဝေဖန်မှုတွေအပေါ်အရမ်းကိုအလေးအနက်ထားကြပါတယ်။ သူ့အဖေက သူ့ကိုပစ်ထားခဲ့တယ်၊ ပစ်ထားဖူးတယ်လို့ ကလေးတစ်ယောက်ကခံစားလိုက်ရရင် ဒီအဖေဖြစ်သူဟာ သူ့ဘဝမှာသိပ်အရေးမပါတော့ဘူးလို့ ကလေးကတွေးလိုက်တတ်ပါတယ်။ ဖခင်က ကလေးရဲ့ပညာရေးကိုစိတ်မဝင်စားရင်လဲ ကလေးကကျောင်းစာမှာညံ့တတ်ပါသတဲ့။
ဖခင်မရှိခြင်း
********
တချို့မိဘများကျတော့လဲ (မိခင်ဆိုးတွေလဲအတူတူပါ) ကလေးအတွက်မကောင်းတဲ့ effect များလွန်းလို့ ကလေးအနားမှာကိုမရှိသင့်တာမျိုးရှိပါသေးတယ်။ စိတ်ပညာရှင်များအဆိုအရတော့ ဒါကနောက်ဆုံးရွေးချယ်မှုဖြစ်သင့်တယ်တဲ့။ ဘာကြောင့်လဲဆိုတော့ ဖခင်/မိခင်တစ်ယောက်ယောက်မရှိခြင်းက (ကလေးကဝန်မခံသော်ငြားလည်း) ကလေးကိုအနည်းနဲ့အများထိခိုက်မှုရှိနိုင်လို့ပါတဲ့။ တချို့ကလေးများက မိခင်/ဖခင်မရှိခြင်းအတွက် သူတို့ကိုယ်သူတို့ အပြစ်တင်ကြသတဲ့။ ငါဘာလုပ်မိလို့လဲ၊ ငါကဘာမှားနေလို့ထားခဲ့တာလဲ၊ ငါ့နားမှာနေရလောက်အောင် သူကင့ါကိုမချစ်ဘူးလား စသဖြင့်တွေးတတ်ကြသတဲ့။
နောက်ဆုံးပြောရရင်ဖြင့် ဖခင်များ (ဖခင်နေရာနေသူများဟာ) သားသမီးတွေရဲ့ဘဝမှာအရမ်းကို အရေးပါပါတယ်လို့ ပြောချင်ပါတယ်။ ဖေဖေများ ကျန်းမာချမ်းသာပြီး စီးပွားရေးများလဲ အောင်မြင်ကြပါစေ။ ကလေးများအပေါ်လဲ ချစ်ခြင်းမေတ္တာစိတ်ရှည်ခြင်းများနဲ့ ကြင်နာဂရုစိုက်ပေးနိုင်ကြပါစေလို့ ကျွန်မဆုတောင်းပါတယ်နော်။
0 comments:
Post a Comment