ဒေါသကို အနိုင်ယူလိုက်ပါ
======================
ဒေါသ မရှိတဲ့သူ ဆိုတာ လောကမှာ မရှိပါဘူး။ အဲလိုပဲ ဒေါသကို အရှုံးပေးရတဲ့သူဆိုတာကတော့ လူတွေထဲက အများစုပါပဲ။
ဒေါသ ကို အရှုံးပေးရတဲ့အတွက် ဒေါသကြီးတဲ့ သူ ၊ ပူလောင်တဲ့သူ၊ အမှားများတဲ့သူ ၊ နောင်တတွေကိုပဲ လက်ခံရရှိတဲ့သူ အဖြစ် ရှင်သန်ကြရပါတယ်။
ဒေါသကြီး ရင်မကောင်းဘူးဆိုတာကိုလည်း လူတိုင်း နားလည်ကြတယ်။ ဒေါသ မထွက်မိအောင်လည်း ထိန်းချုပ်ကြပါတယ်။ ဒါပေမဲ့ ၁၀၀% ပြည့် ထိန်းချုပ်နိုင်တဲ့ သူဆိုတာကတော့ရှားပါးလှပါတယ်။ ဒါပေမဲ့ မထိန်းတာထက် စာရင်တော့ ထိမ်းသိမ်းတယ်ဆိုတာက ပိုကောင်းတယ်လို့နားလည်မိတယ်။
ကျွန်မလည်း ဒေါသကြီးတဲ့ ထဲမှာ ပါဝင်ပါတယ်။ ၀ုန်းခနဲ ထွက်တတတ်တဲ့ ဒေါသ၊ တစိမ့်စိမ့် တွေးရင်းနဲ့ပေါ်လာတဲ့ ဒေါသ၊ တဖြည်းဖြည်းခြင်း စိမ့်ဝင်တာကို ထိန်းရင်းထိန်းရင်းနဲ့ပေါက်ကွဲရတဲ့ ဒေါသ ဆိုပြီး အမျိုးမျိုး ရှိတဲ့ထဲမှာ။ အဲဒီ ဒေါသ သုံးမျိုးစလုံးနဲ့လည်း ကြုံဖူးခဲ့တယ်။
ဒေါသထွက်အောင် လှု့ဆော်တဲ့ အရာတွေထဲမှာ ဖိအားလို့ခေါ်တဲ့ Stress တွေလည်း ပါတယ်။ အလုပ်၊ မိသားစု၊ ပတ်ဝန်းကျင် စတဲ့ ဖိအားတွေက လူတွေအပေါ်ကို သက်ရောက်လာတဲ့အခါ ဖိအားနည်းရင် သည်းခံနိုင်တယ်၊ စိတ်ရှည်ပေးနိုင်တယ်။ နားလည်နိုင်စွမ်းရှိတယ်။
ဖိအားများနေတဲ့ အချိန်မှာ ကိုယ့်ကို စိတ်ပိုင်းဆိုင်ရာ၊ ရုပိပိုင်းဆိုင်ရာ ထိခိုက်မှုတစ်ခုခုနဲ့ ကြုံတဲ့အခါ ဒေါသဆိုတာ ၀ုန်းကနဲကိုယ့်ကို စွဲကပ်တော့တာပါပဲ။ အဲဒီ ၀ုန်းခနဲ့ကပ်လာတဲ့ဒေါသကို လွှတ်ပေးလိုက်ရင်တော့… အသိစိတ်ပျောက်ပြီး နောင်တရစ၇ာတွေချည်း ဖြစ်တော့မှာပဲ။
ကျွန်မဘ၀မှာ ဒေါသစိတ်ကြောင့် စီးပွားရေးကိုလည်း ထိခိုက်ဖူးတယ်။ မိသားစုရေးနဲ့လူမှုရေးတွေကိုလည်း ထိခိုက်ခဲ့ဖူးတယ်။ အဲဒီလို ထိခိုက်ဆုံးရှုံးမှုတွေနဲ့ကြုံတွေ့လိုက်ရတဲ့အခါမှာ ကိုယ့်ဒေါသကို ထိမ်းမှ ဖြစ်မယ်လို့ နားလည်လာမိတယ်။
ဘ၀မှာ နောင်တတရားတွေနဲ့ မရှင်သန်ချင်တဲ့အခါမှာ ဒေါသစိတ်နဲ့ အလုပ်မလုပ်မိအောင်၊ ဒေါသစိတ်နဲ့ မပြောဆိုမိအောင်၊ ဒေါသ စိတ်နဲ့ မတုန့်ပြန်မိအောင် ကျွန်မကြိုးစားချင်လာတယ်။
အဲဒီါအချိန်ကစပြီး ဒေါသကို ထိန်းချုပ်နည်းလမ်းတွေကို ရှာဖွေမှတ်သားခဲ့မိပါတယ်။ကျွန်မရဲ့ ဒေါသထိန်းချုပ်နည်းလမ်းလေး တစ်ခုကိုတော့ပြန်လည်မျှဝေပါမယ်။
ကိုယ့်ရဲ့ဒေါသစိတ်ကို ထိန်းချုပ်တော့မယ်လို့ စိတ်ဆုံးဖြတ်လိုက်တဲ့နေ့ကစပြီး ဒေါသ ထွက်တာကို သိအောင်အရင်လုပ်ရပါတယ်။
ကိုယ့်ရဲ့စိတ်ကို သိဖို့အကောင်းဆုံးနည်းလမ်းကတော့ဝိပဿနာပါပဲ။ ဒါပေမဲ့ ၀ိပသနာ မလုပ်နိုင်သေးတဲ့သူတွေလည်းကိုယ့်ရဲ့စိတ်နဲ့ဒေါသကို သိအောင်ကြိုးစားအားထုတ်လို့ရပါတယ်။
ဒေါသ ဖြစ်လာတဲ့အခါ စိတ်ထဲ တင်းကျပ်လာတယ်။ ပေါက်ကွဲချင်လာတယ်။ ဒါကို သိတယ်ဆိုရင် ကိုယ့်ရဲ့ဒေါသစိတ် ဖြစ်လာပြီဆိုတာကို သတိနဲ့ သိလိုက်ပါတယ်။
ကောင်းပြီ၊ ဒေါသတော့ထွက်နေပြီ။ အသက်ပြင်းပြင်းရှုလိုက်ပါ။ ပြီးရင် ပြုံးပြပါ။ ကိုယ့်ကိုယ်ကို နှစ်နှစ်ခြိုက်ခြိုက်ကို ပြုံးပါ၊ ဒေါသကို အနိုင်ယူနိုင်တဲ့ အပြုံးပါပဲ။
ပြီးတော့ကိုယ့်ကို ဒေါသ ထွက်စေတဲ့သူကို ခပ်တည်တည်ကြည့်ပါ၊ သူ့ကိုလည်း ပြုံးပြပါ၊ အဲဒီအချိန်ထိ ကိုယ့်ဒေါသက ရှိနေတုန်းပါပဲ။ ဒါကို သိနေပေမဲ့
ကိုယ့်ရဲ့ဒေါသစိတ်နဲ့ မတုန့်ပြန်မိအောင် သူ့ကို ပြုံးပြရတာပါ.
အဲလို ပြုံးပြနေရင်းနဲ့ ဒါကို ဘယ်လို ဖြေရှင်းမလဲ ဆိုတာကို စဉ်းစားပါ။ ချက်ခြင်း ဆုံးဖြတ်စရာ မလိုအောင် အချိန်ဆွဲပါ။
နောက်မှ ပြောရအောင်၊ နောက်မှ ဆွေးနွေးတာပေါ့ ဆိုတာမျိုးနဲ့ အချိန်ဆွဲလိုက်ပါ။. နောက်ဆုံး အချိန်ဆွဲလို့မရတဲ့ အနေအထားဆိုရင်တောင်မှ ခဏနော် ရေသောက်လိုက်ဦးမယ်ဆိုတာမျိုးနဲ့ အချိန်ဆွဲလိုက်ပါ။
အချိန်များများရလေ ကိုယ့်ရဲ့စိတ်ဖြေလျော့မှုအတွက် အချိန်ပိုရလေပါပဲ။ ပြီးရင် ဒေါသ ထွက်စေတဲ့သူကို နားလည်နိုင်အောင် ကြိုးစားပါ၊ အဲဒီလို နားလည်နိုင်အောင် ကြိုးစားရင်းနဲကပဲ သူ့အပေါ်ကို ဒေါသစိတ်တွေ လျော့ကျသွားတတ်ပါတယ်။
ဒါဆို ကိုယ်က သူ့ကို ဒေါသနဲ့ မတုန့်ပြန်မိတော့ဘူး။ ဒေါသနဲ့ မဆုံးဖြတ်မိတော့ဘူး။
စိတ်အေးလက်အေးနဲ့ တည်ငြိမ်အေးဆေးစွာနဲ့ ပြောဆို တုန့်ပြန်နို်င်တာဟာ ဒေါသကို အနိုင်ရလိုက်တာပါပဲ။
အဲဒီအောင်မြင်ခြင်းဟာ ဘ၀အောင်မြင်ခြင်းတွေထဲမှာ အရေးကြီးဆုံး အောင်မြင်ခြင်းတစ်ခုဆိုတာကို သတိပြုမိရင် ကျွန်မတို့တွေဟာ ဒေါသတွေကို အနိုင်ယူဖို့ကြိုးစားအားထုတ်ရကျိုး နပ်ပါတယ်ရှင်။
မတူတဲ့ အမြင်များနဲ့ မတူညီတဲ့ နည်းလမ်းများကိုလည်း ဆွေးနွေးဖို့ဖိတ်ခေါ်ပါတယ်။
မေသင်္ကြန်ဟိန်(မြစ်မခ)
Facebookသို့ အားပေးကြပါဦး … Link အားနှိပ်၍ သွားနိုင်ပါသည်………
<<<<<<<< <<<<<<< https://www.facebook.com/ye.thwe.10485546 >>>>>>>>>>>>>
blog သို့ ဝင်ရောက်အားပေးသူများကို
လည်း ကျေးဇူးအထူးတင်ရှိပါသည်။
0 comments:
Post a Comment